Home
မြန်မာသတင်း
တနင်္သာရီတိုင်း၌ ၂ နှစ်အတွင်းအရပ်သား ၃၆၀ ကျော်သေဆုံး၊ ၁ လအတွင်း နေအိမ် ၃၃ လုံးမီးရှို့ခံရ၊ ပလမြို့ရှိ စစ်ဘေးရှောင်များ အခက်တွေ့
DVB
·
February 7, 2023
328108752_762243125317885_8491738650062608872_n
329560384_857770782080296_6623386728660363291_n
328108752_762243125317885_8491738650062608872_n
329560384_857770782080296_6623386728660363291_n
328457092_1247049485883560_2651115286467407639_n
329474529_499044469067920_5545064948526605968_n
Pa La
327926815_1578821619283248_6868790591169287835_n
329536276_1363683344176064_6017284596653429103_n

စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းအတွင်းမှာ အရပ်သား ၃၆၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Southern Monitor အဖွဲ့က ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့ရသူတွေဟာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာတွေရှိသလို နှစ်ဖက်ပစ်ခတ်မှုအတွင်း မတော်တဆ ကျည်ဆန်ထိမှန် သေဆုံးခဲ့ရသူတွေလည်း ရှိပါတယ်။

သေဆုံးခဲ့တဲ့သူတွေထဲမှာ အမျိုးသား ၃၁၀ ကျော်၊ အမျိုးသမီး ၄၀ ဦးနဲ့ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀ ဦး ပါဝင်ပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်သူ CDM ကျောင်းဆရာ ကိုဝေယံစိုးကတော့ လက်နက်မကိုင်ဆောင်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်တဲ့လုပ်ရပ်တွေကို ဘယ်အဖွဲ့အစည်းက ဘာအကြောင်းပြချက်နဲ့ပဲလုပ်လုပ် လက်မခံဘူးလို့ ပြောပါတယ်။

“အပြန်အလှန် သတ်ဖြတ်တာတွေ လျော့လာဖို့အတွက်ဆို နိုင်ငံရေးဦးဆောင်နေသူတွေရော၊ ပြည်သူတွေရောက စစ်တပ်ရဲ့ မတရားသတ်ဖြတ်မှုတွေကို ဆန့်ကျင်ကြသလိုပဲ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်မဲ့ ပြည်သူတွေအပေါ် တရားလက်လွတ် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီးလည်း အသံထွက်ကြဖို့ ဆန့်ကျင်ကြဖို့လိုတယ်။”

သေဆုံးခဲ့ရသူတွေထဲက ၉၉ ဦးဟာ လောင်းလုံးမြို့နယ်ထဲကဖြစ်ပြီး အရပ်သားသေဆုံးမှု ရာခိုင်နှုန်း အများဆုံး ဖြစ်ပါတယ်။

​စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးပစ်ခတ်မှုကြောင့် အရင် ၂၀၂၂ ခုနှစ် ဇွန်လတလအတွင်း လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာ၊ ဝေဒီကျေးရွာ၊ ကဒက်ကြီးကျေးရွာနဲ့ ဝဗျောကျေးရွာတွေက ရွာခံ ၆ ဦး သေဆုံးခဲ့ပါတယ်။

လောင်းလုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးလုပ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေလည်း မကြာခဏရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၉ ရက်မှာ  ဝေဒီကျေးရွာနေ ဦးကျော်ဟိန်းကို ပျူစောထီးအဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရာမှာ ဦးကျော်ဟိန်းကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ တူမဖြစ်သူ အသက် ၇ နှစ်အရွယ် မငုဝါနိုး ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။ ကာယကံရှင်ဖြစ်သူ ဦးကျော်ဟိန်းကတော့ ပျူစောထီးအဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

တနင်္သာရီတိုင်းထဲက အရပ်သားတွေရဲ့ နေအိမ် ၃၃ လုံးကို အခုနှစ် ဇန်နဝါရီလထဲမှာ  စစ်ကောင်စီ တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Southern Monitor အဖွဲ့က ထုတ်ပြန်ပါတယ်။

ထားဝယ်မြို့နယ်ထဲက နေအိမ် ၁၅ လုံး၊ ပုလောမြို့နယ်ထဲက နေအိမ် ၁၂ လုံးနဲ့ လောင်းလုံး မြို့နယ်ထဲက နေအိမ် ၆ လုံး မီးရှို့ခံခဲ့ရတာဖြစ်ပြီး အများစုဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအနီးကပါ။

ဇန်နဝါရီ ၇ ရက်က ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအနီး ထားဝယ်-ထီးခီးနယ်စပ် ကားလမ်းမပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဝကုန်းကျေးရွာက နေအိမ် ၁၅ လုံး၊ ဇန်နဝါရီ ပထမပတ်ထဲမှာပဲ တိုက်ပွဲဖြစ်ပြီး တပိုရွာ၊ တိုရွာနဲ့ ဇရပ်ဆိပ်ရွာတွေက နေအိမ် တချို့ ၊ ဇန်နဝါရီ ၆ ရက်က လောင်းလုံးမြို့နယ်က သကျက်တောရွာမှာ ရဲကင်းစခန်းပစ်ခံရပြီးနောက် ရွာနားက နေအိမ် ၂ လုံးနဲ့ ထန်းရည်ဆိုင်၊ ဟင်းချိတောရွာမှာ နေအိမ် ၄ လုံး စတာတွေကို မီးရှို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာသိမ်းကာလ တနင်္သာရီတိုင်းအတွင်း စစ်တပ် မီးရှို့တာကြောင့် နေအိမ် ၂၂၉ လုံးထက် မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းအတွင်း ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှ ဇန်နဝါရီလ ၂၀၂၃ ခုနှစ်အထိ တိုက်ပွဲဖြစ်စဉ် အကြိမ်ပေါင်း ၃၂၀ ကျော်ရှိတယ်လို့ တနင်္သာရီအခြေစိုက် Southern Monitor ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါတိုက်ပွဲဖြစ်စဉ်အများစုဟာ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်တွေမှာ အများဆုံးဖြစ်ပွားခဲ့ပြီး ကော့သောင်းခရိုင်မှာတော့ ဖြစ်စဉ်အရေအတွက် နည်းပါးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အဲလိုထုတ်ပြန်ရခြင်းဟာ လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းများအားလုံးအနေနဲ့ အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်ပါတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေအနေနဲ့ လူသားစာနာကူညီမှုအတွက် ထိထိရောက်ရောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်” လို့ Southern Monitor ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေကို လအလိုက်နှိုင်းယှဉ်ကြည့်ရင် ၂၀၂၂ ခုနစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ တိုက်ပွဲအရေအတွက် အများဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထဲမှာတော့ တိုက်ပွဲဖြစ်စဉ် ၃၃ ကြိမ်ရှိခဲ့တယ်လို့ Southern Monitor ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတဦးက “တိုက်ပွဲတွေမှာ စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးပစ်တာတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေကို PDF လို့စွပ်စွဲပြီး ဖမ်းဆီးတာတွေ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်းရှိ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးတဲ့ ၃၇ မြို့နယ်ထဲမှာ ပါဝင်ပြီး ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တနင်္သာရီဒေသတခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၇,၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်မှာတော့ ပလမြို့ရှိ တန်းရှင်းရွာမှာ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်ဘဲ အလုပ်အကိုင်တွေ ရပ်နားထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တန်းရှင်းကျေးရွာထဲကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျရောက်တာကြောင့် ဒေသခံတွေဟာ စစ်ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး နေရပ်ကို ပြန်မလာနိုင်ကြသေးတာကြောင့် အလုပ်အကိုင် ရပ်နားထားရတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

“စစ်ဘေးရှောင်တွေ ပြန်မလာကြရသေးဘူးတဲ့။ ရွာမှာ ခုထိ လက်နက်ကြီးတချို့ ကျနေတုန်းပဲ။ အလုပ်အကိုင်တွေက ရပ်နားထားရတယ်။ နီးစပ်ရာကို ထွက်ပြေးနေကြရပေမဲ့ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ကလည်း အလုပ်မရှိတော့ ဘယ်လိုလုပ် အဆင်ပြေအောင် နေနိင်မှာလဲ။ ရွာထဲမှာတော့ ၄ အိမ်လောက် ရှိနေသေးတယ်တဲ့။ ပြေးဖို့နေရာ မရှိတာကြောင့်ထင်တယ်။ အခြေအနေတွေက အရမ်းဆိုးနေတော့ ရွာသားတွေကိုပဲ သနားမိတယ်။ ရွာမှာက မရှိတဲ့သူက များနေတော့ သွားစရာမရှိလို့ ရွာထဲမှာပဲ နေရတာ။ ရွာထဲကိုပဲ ခဏခဏ ပစ်ခတ်နေတော့ အရမ်းပင်ပန်းတာပေါ့။”

အဲဒီ စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ဝ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် ထွက်ပြေးခဲ့ရပြီး အခုတကြိမ် ထပ်မံထွက်ပြေးနေရတဲ့အတွက် ကျေးရွာမှာ ပြန်နေထိုင်ဖို့ ကြောက်ရွံ့နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် တန်းရှင်းကျေးရွာမှ အမျိုးသမီးမှာလည်း လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024