Home
မြန်မာသတင်း
ရေစကြိုတွင် စစ်တပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ကျောမြို့ရှိ စစ်ရှောင် ၃၀၀ စားနပ်ရိက္ခာ အကူအညီလိုအပ်
DVB
·
February 7, 2023

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီကား ၂ စီး တိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင် အပါအဝင် ၁၀ ယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၃ ရေစကြို-PDF က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပခုက္ကူ-ရေစကြိုကားလမ်း ကိုရှိန်းဆီဆိုင်ရှေ့မှာ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီလောက်က အိမ်စီးကား ၂ စီးပေါ်မှာ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၄ ယောက်ကို ရေစကြို-PDFက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ရေစကြို-PDF တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ ဟင်္သာကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်နိုင်မိုး အပါအဝင် ၇ ယောက် ပွဲချင်းပြီးသေဆုံးကာ CRV ကားပေါ်မှာပါသွားတဲ့ ဒဏ်ရာရ စစ်(...) ၃ ယောက်ကတော့ ဆေးရုံပေါ်မှာ သေဆုံးသွားပြီး ဒဏ်ရာရသူ ၃ ယောက်နဲ့ နောက်တယောက်ကတော့ ခြေလျင်ထွက်ပြေးလွတ်မြောက်သွားတယ်။”

အဲဒီတိုက်ပွဲအတွင်းမှာ ကာဘိုင်သေနတ် ၆ လက်၊ MA4 သေနတ်တလက်၊ ကာဘိုင်ကျည်ဘောက် ၆ ခု၊ MA4 ကျည်ဘောက် ၅ ခု၊ ကျည်ဆန်အတောင့် ၂၄၀၊ လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ ဗုံးသီး ၄ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်တယ်လို့လည်း ဆိုပါတယ်။

ပခုက္ကူခရိုင် တပ်ရင်း-၃ ဟာ အမှတ်-၁ စစ်ဒေသ၊ ပခုက္ကူခရိုင်ရဲ့ ကွပ်ကဲမှုအောက်မှာ ရာနှုန်းပြည့် တာဝန်ထမ်းဆောင်နေပြီး မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီကို အားပေးကူညီတာတွေ၊ စစ်ကောင်စီတပ်သားတွေနဲ့ အနီးကပ်နေထိုင်သွားလာတာတွေ လုံးဝမပြုလုပ်ကြဖို့ မေတ္တာရပ်ခံ သတိပေးထားပါတယ်။

အလားတူ ရေစကြိုမြို့မှာ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၀ တပ်ရင်း၊ တပ်ခွဲ ၂ - သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ ကပ်ကျော်ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီး အယောက် ၅၀ ကျော်လောက်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၃ နာရီလောက်မှာ M16၊ AK47 သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ပန်က  ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီဘုန်းကြီးကျောင်းမှာ စစ်(...)၊ ပျူ(...)တွေ အင်အား ၂၀ ကျော်လောက်နဲ့ အထိုင်ချ တပ်စွဲထားတာ တလကျော်လောက်ရှိနေပြီဗျ။ ကျနော်တို့ သွားတိုက်တဲ့နေ့ကျမှ အင်အားက ၅၀ ကျော်လောက်ဖြစ်နေတာ။ သူတို့ဘက်က ၆၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်တဲ့ အချိန်မှာသာ မတော်တဆ ထိခိုက်မိပြီး ရဲဘော် ၂ ယောက် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့တယ်” လို့ ဗိုလ်ပန်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော် ၂ ယောက်ကိုတော့ စခန်းပြန်ရောက်တဲ့အချိန်မှာ ဆေးထည့်ပေးထားပြီး ဒဏ်ရာအခြေအနေက စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာတော့ ကျောမြို့က စစ်ရှောင် ၃၀၀ ကျော်လောက် စားနပ်ရိက္ခာနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်းအမှတ်-၁၉ PDF-ကျောက ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ လကျော်လောက်က ကန့်သတ်ကျေးရွာဘက်ကို စစ်ကြောင်း ဝင်ရောက် တပ်စွဲထားတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးလာကြကာ ဖြစ်သလို နေထိုင်နေကြတယ်လို့ PDF-ကျောရဲ့ တာဝန်ခံ နွေဦးမေတ္တာက ပြောပါတယ်။

အဲဒီကျေးရွာဟာ စစ်ကောင်စီရဲ့ က.ပ.စ ၂၃ နားမှာ တည်ရှိသလို စစ်တပ်က အထိုင်ချ တပ်စွဲထားလို့ စစ်ရှောင် ၃၀၀‌ လောက်ဟာ ဒီနေ့အထိ နေရပ်မပြန်ရဲဘူးလို့ ဆိုပါတယ်။

နွေဦးမေတ္တာက “သူတို့ရဲ့ စားဝတ်နေရေးအတွက် အနီးနားပတ်ဝန်းကျင်ရွာတွေကို နေ့တိုင်း အလှူပတ်ခံပြီး စစ်ဘေးရှောင်တွေဆီ ပို့ပေးတယ်။ ပြီးတော့ နီးစပ်ရာ ဟင်းသီးဟင်းရွက် ရာသီပေါ် သီးနှံလေးတွေနဲ့ ကျွေးမွေးနေရတာ” လို့ ပြောပါတယ်။

စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024