တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ခဲမဖြူ အဖြိုက်နက် သတ္တုရှာဖွေရေး လုပ်ကိုင်နေတဲ့ Delco ကုမ္ပဏီ လုပ်ကွက်မှာ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၀ နာရီခွဲလောက်က သတ္တုမြေစာပုံ ပြိုကျတာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
မြေစာပုံပြိုကျတာကြောင့် ကံပေါက်ရွာ မိုင်းဝင်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် မချောချော သေဆုံးသွားခဲ့ပြီး မြသီတာရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်ဝေ ကတော့ ကံပေါက်တိုက်နယ်ဆေးရုံမှာ ဆေးကုသနေရပါတယ်။
သူတို့ ၂ ဦးဟာ လက်လုပ်လက်စား ခဲယဉ်း (သတ္တုကျင်) သူတွေ ဖြစ်ကြပြီး နယ်ခံမဟုတ်ကြဘူးလို့ သိရပါတယ်။
ကံပေါက်သတ္တုတွင်း သတ္တုလုပ်ကွက်ကို အခုလက်ရှိ ဖွံ့ဖြိုးတိုးတက်ထုတ်လုပ်မှု ဖော်ဆောင်ရေးကုမ္ပဏီ Delco က လုပ်ဆောင်နေပါတယ်။
ကံပေါက်ဒေသမှာ လက်လုပ်လက်စား ခဲသတ္တုရှာဖွေသူတွေကလည်း တပိုင်တနိုင် ခဲသတ္တု ရှာဖွေလုပ်ကိုင် စားသောက်ကြပါတယ်။
အခုလို မြေစာပုံပြိုပြီး လူသေတဲ့ဖြစ်စဉ် အရင်ကလည်း တကြိမ်ဖြစ်ခဲ့ဖူးတာကြောင့် ကုမ္ပဏီဘက်က လုပ်ကွက်အတွင်း ခဲသတ္တုရှာဖွေတာကို ခွင့်မပြုထားပေမဲ့ ကန့်သတ်ထားခြင်း မရှိတာကြောင့် လက်လုပ်လက်စားသမားတွေဟာ သတ္တုလုပ်ကွက်အတွင်း ဝင်ရောက်ကာ သတ္တုရှာဖွေကြတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကံပေါက်ဒေသမှာ သတ္တုလုပ်ကွက်တွေ တိုးချဲ့ လုပ်ဆောင်လာတာကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း တောင်နံရံမြေသားပြိုကျမှု ဖြစ်ခဲ့ပါတယ်။