DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်၌ တွင်းထဲပြုတ်ကျသွားသော ၁ နှစ်ခွဲအရွယ် မြန်မာကလေးငယ်အား အသက်ရှင်လျက် ကယ်တင်နိုင်
DVB
·
February 7, 2023
တာ့ခ်ခရိုင်၌ တွင်းထဲပြုတ်ကျသွားသော ၁ နှစ်ခွဲအရွယ် မြန်မာကလေးငယ်အား အသက်ရှင်လျက် ကယ်တင်နိုင်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်၊ ဆီရိရတ့်ဆဒွန်းကျေးရွာအုပ်စုထဲမှာ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက အသက် ၁ နှစ်ခွဲကျော် မြန်မာမိန်းကလေးငယ် ၁ ဦး မီတာ ၁၀၀ ကျော်နက်တဲ့ တွင်းကြီးထဲ ပြုတ်ကျသွားခဲ့ပါတယ်။

အသက် ၁ နှစ် ၇ လအရွယ်ရှိ သဉ္စာမိုးအေး ဆိုသူ ကလေးငယ်ဟာ မိခင်ဖြစ်သူ မအဌေး(အသက် ၂၀ နှစ်) တောင်ယာလုပ်နေတုန်း အနီးအနားမှာ မြေကြီးဆော့ကစားနေရင်း ၁ ပေပတ်လည်ရှိတဲ့ တွင်းဟောင်းကြီးတခုထဲ ပြုတ်ကျသွားတာပါ။

မိခင်ဖြစ်သူက အနီးနားတဝိုက်အော်ဟစ်အကူအညီတောင်းပြီးတဲ့နောက်  တာ့ခ်ခရိုင်ဝန်ကိုယ်တိုင် ကယ်ဆယ်ရေးအဖွဲ့တွေကို ညွှန်ကြားခဲ့တဲ့အတွက် တာ့ခ်၊ မဲဆောက်နဲ့ ဖုပ်ဖရမြို့နယ်က ကယ် ဆယ်ရေးအဖွဲ့ ၅ ဖွဲ့ ရောက်လာပြီး ဘက်ဟိုးကားတွေနဲ့ အနက် ၁၃ မီတာထိ မြေတွေ တူးထုတ်ခဲ့ပါတယ်၊ ကလေးငယ်ရဲ့ ငိုသံတချက်တချက်ထွက်လာပြီး အသက်ရှူမပြတ်သွားအောင် အောက်ဆီဂျင်ပိုက်တွေလည်း မပြတ်လွှတ်ပေးနေခဲ့ပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့ဟာ မရပ်မနားဘဲ တညလုံး ကလေးငယ်ကိုရှာဖွေနေသလို မိဘနဲ့ အနီးနားက ရွှေ့ပြောင်းလုပ်သားတွေ၊ ရွာသားတွေလည်းတွင်းနားမှာ မျှော်လင့်ချက်တွေနဲ့ လာရောက် စောင့်ဆိုင်းနေပါတယ်။ 

ကလေးငယ်ပြုတ်ကျပြီး အချိန် ၁၇ နာရီအကြာ ဖေဖော်ဝါရီ ၇ ရက် မနက် ၉ နာရီကျော်မှာတော့ တွင်းအနက် ၁၅ မီတာမှာ မြေကြီးထဲတစ်နေတဲ့ ကလေးကိုစတွေ့ခဲ့ကာ ဒီမနက် ၉ နာရီ ၅၅ မိနစ်မှာတော့ ကလေးငယ်ကို အသက်ရှင်လျက် အပေါ်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့က ကလေးကိုပွေ့ချီထွက်လာချိန်မှာ မိဘနှစ်ပါး ဝမ်းသာစွာငိုကြွေးပြီး ရွာသား နဲ့အလုပ်သမားတွေလည်း လက်ခုပ်တီးကာ ကယ်ဆယ်ရေးအဖွဲ့ကို ကျေးဇူးတင်စွာဂုဏ်ပြုခဲ့ ပါတယ်။ ကလေးငယ်ဟာ လက်ရှိ ဖုပ်ဖရဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013