
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဇရပ်ဖြူရွာလမ်းမှာ ဖြတ်သန်းမောင်းနှင်သွားတဲ့ လူ ၆ ဦးပါ Air Wax အမျိုးအစား အဖြူရောင်အိမ်စီးကားတစီး ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၂ နာရီလောက်က ကားမိုင်းနင်းမိပြီး အမျိုးသား ၄ ဦးသေဆုံးကာ ၂ ဦး စိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေလွိုင်ကော် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “နေ့လယ် ၂ နာရီလောက်မှာ သူတို့ မော်ချီးဘက်ကို တက်တာပေါ့။ ဇရပ်ဖြူရွာအကျော်မှာ ကားနှစ်စီး၊ ရှေ့ကားနောက်ကား ဖြတ်တဲ့အချိန် မိုင်းနင်းမိပြီးတော့ ကားတစီးလုံးကတော့ စုတ်ပြတ်သတ်သွားတာပေါ့။ ပါလာတဲ့ ယောကျ်ားလေး ၆ ဦးမှာ ၄ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ ၂ ဦးကတော့ အသက်ရှင်သေးတယ်။ ယာဉ်မောင်းပါ သေသွားပါတယ်။ ဒီနေရာက တိုက်ပွဲဖြစ်ထားတဲ့ နေရာဆိုတော့လေ ဘယ်ဘက်ကထောင်တဲ့မိုင်းလည်း ကျနော်တို့ မသိသေးဘူး” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာ မရှိဘူးလို့ သိရပြီး သေဆုံးသူတွေနဲ့ လူနာတွေကိုတော့ လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဆိုပါ အိမ်စီးကားပေါ်ရှိ ခရီးသည်တွေဟာ ဒေသခံတွေ မဟုတ်တဲ့အပြင် မိုင်းပေါက်ကွဲမှု ဒဏ်ရာတွေကြောင့် သေဆုံးသူ ၄ ဦးအနက် ၃ ဦးကို နာမည်နဲ့သာ အတည်ပြုထားနိုင်ကာ ကျန် ၁ ဦးနဲ့ လူနာ ၂ ဦးကိုတော့ စုံစမ်းနေဆဲလို့ သိရပြီး ဆေးရုံရောက်မှ စစ်ကောင်စီရဲ့ မှုခင်းတပ်ဖွဲ့က လာရောက်စစ်ဆေးသွားတယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အရပ်သား ၄ ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အပေါ် စစ်ကောင်စီနဲ့ ကယားအခြေစိုက် ဘယ်အဖွဲ့က မိုင်းဖြစ်သလဲဆိုတဲ့ သတင်းထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။