
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ထားဝယ်မြစ် အနောက်ဘက်ကမ်းရှိ ဝန်ထမ်းအိမ်ရာမှာ ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက ပေါက်ကွဲသံတခု ကြားရပြီးနောက် မီးလောင်မှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမဲ့ ဝန်ထမ်းအိမ်ရာ ခြံစည်းရိုးတချို့ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက် မနက်အစောပိုင်းမှာလည်း ရေဖြူမြို့၊ ထားဝယ်မြစ်ကူးတံတားအနီး စမ်းရေတွင်းလမ်းထိပ်မှာ မပေါက်ကွဲသေးတဲ့ဗုံး တွေ့ရကာ စစ်ကောင်စီတပ်သားတွေ လာရောက်ဖောက်ခွဲခဲ့ပြီးနောက် ရေဖြူတံတားကို အဲဒီနေ့ မွန်းတည့်အချိန်ထိ ဖြတ်သန်းခွင့် ပိတ်ထားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်တွေကို ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ် ဆိုတာကိုတော့ ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ရေနက်ဆိပ်ကမ်းရဲကင်းမှာ ဘန်ကာလာဆောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဆောက်လုပ်ရေးအဖွဲ့တွေကို ဖေဖော်ဝါရီ ၆ ရက် မနက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် ရေဖြူမြို့ပေါ်မှာပါ စစ်ဆေးတင်းကျပ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီညနေပိုင်းမှာပဲ ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းပေါ်မှာ ထားဝယ်မြို့ဘက်ကနေ ပြန်လာတဲ့ ရာဖူးရွာသစ်ကျောင်းကား Hijet အမျိုးအစား မော်တော်ယာဉ်တစီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်ခဲ့တာကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ သက်တော် ၆၀ အရွယ် ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌ ပျံလွန်တော်မူပြီး တခြားအမျိုးသမီးကြီးတဦး သေဆုံးကာ ယာဉ်မောင်းနဲ့ ကားပေါ်ပါသူအားလုံး ဒဏ်ရာရရှိခဲ့ပါတယ်။
အပစ်ခံရတဲ့ကားပေါ်မှာ ဆရာတော်နဲ့ ယာဉ်မောင်း၊ အသက် ၆၀ အရွယ်နဲ့ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီး ၂ ဦး၊ အသက် ၁၈ နှစ်အောက်အရွယ် ၄ ဦး စုစုပေါင်း ၈ ဦး လိုက်ပါလာတာပါ။
ရာဖူးရွာသားတဦးက “ဆရာတော်က ဒဏ်ရာများတယ်၊ အချက် ၂၀ လောက် အပစ်ခံရတာ။ တချို့က မှားပစ်ခံရတယ်ပြောတယ်။ မှားပစ်ခံရတယ်ဆိုလည်း ၁ ချက် ၂ ချက်ပေါ့။ အခုက အချက်ရေ တော်တော်များတယ်။ ပြီးတော့ ကားပေါ်ပါသူ အကုန်ထိကြတာ။ မှားစရာအကြောင်းလည်း မရှိဘူး။ ကျောင်းအမည်လည်း ကားပေါ်ကပ်ထားတာပဲ” လို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဉ်ကိုလည်း ဘယ်သူတွေက ဘာအကြောင်းပြချက်နဲ့ ပြုလုပ်ခဲ့တယ်ဆိုတာကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဟာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာဇာတိဖြစ်ပြီး ဈာပနအတွက် ဘယ်မှာလုပ်မယ်ဆိုတာကို ဆွေးနွေးတိုင်ပင်နေဆဲဖြစ်တယ်လို့ ရာဖူးကျေးရွာအုပ်စု သံဃာအဖွဲ့အစည်းဆီက သိရပါတယ်။
ဒဏ်ရာရရှိသူတွေကို ကလိန်အောင်မြို့ဆေးရုံနဲ့ ထားဝယ်ဆေးရုံကြီးဆီ ပို့ဆောင်ပြီး ဆေးကုသနေရပါတယ်။