
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ လင်းလွန်ကျေးရွာကမ်းခြေမှာ သေဆုံးပြီး သောင်တင်နေတဲ့ ပေ ၄၀ ဝန်းကျင်အရှည်ရှိ ဝေလငါးတကောင်ကို ဖေဖော်ဝါရီ ၄ ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဝေလငါးကို လင်းလွန်ကျေးရွာမြောက်ဘက် သောင်ပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး အလျား ပေ ၄၀၊ အနံ ၈ ပေခန့်ရှိကာ သေဆုံးခဲ့တဲ့ ဝေလငါး ရုပ်ကြွင်းကိုတော့ ကမ်းခြေတနေရာကို ပြောင်းရွှေ့ပြီး စနစ်တကျ မြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
အခု သေဆုံးပြီး သောင်တင်နေတဲ့ ဝေလငါးက Balaenoptera edein (Andernson, 1878) မျိုးစိတ်ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၄၀ ကနေ နှစ် ၇၀ အထိ အသက်ရှင်နေနိုင်တယ်လို့ အဏ္ဏဝါဌာနကနေ သိရပါတယ်။
အခုလိုသေဆုံးမှုနဲ့ပတ်သက်ပြီး ဘာကြောင့်သေဆုံးတယ် ဆိုတာကိုတော့ အဲဒီ သေဆုံးနေတဲ့ ဝေလငါးကိုကြည့်မှသာ သိရှိနိုင်မှာဖြစ်တယ်လို့ မြိတ်တက္ကသိုလ် အဏ္ဏဝါဌာနက ဒီဗွီဘီ သတင်းဌာနကို ပြန်လည်ဖြေကြားထားပါတယ်။
မြန်မာပြည်ထဲက ကမ်းရိုးတန်းတွေမှာ အခုလို ရေနေသတ္တဝါတွေ သေဆုံးပြီး ကမ်းခြေမှာ လာတင်နေတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။