
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ချဲဂဏန်းပေးတယ်ဆိုပြီး လိမ်လည်လုပ်ကိုင်နေကြသူ ၃၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်စာမျက်နှာဖွင့်ပြီး ၂ လုံး၊ ၃ လုံးဂဏန်းတွေ ခန့်မှန်း ရောင်းစားနေကြသူတွေကို ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်က စာရင်းနဲ့ လာရောက်ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “၃ ရက်နေ့ကတည်းကဖမ်းတာ။ ပိုးလောင်ရွာနဲ့ အောင်လှိုင်ရွာကလူတွေ။ အဲဒီတုန်းက ၁၅ ယောက်လောက် ဖမ်းသွားတယ်။ နောက်ထပ်ဖမ်းတာ အယောက် ၂၀ လောက် ရှိတယ်။ ပိုးလောင်က အများဆုံးပါတယ်။ သူတို့က တပ်ကို တပတ် ငါးသောင်း၊ တသိန်း ပေးထားတာ။ ခုက တိုင်းကနေ လာဖမ်းတာလို့တော့ ကြားတယ်” လို့ပြောပါတယ်။
ဖမ်းဆီးထားသူတွေကို လပွတ္တာမြို့၊ သာသနာ့ဗိမာန်မှာဖွင့်ထားတဲ့ စစ်ကြောရေးစခန်းမှာ ထားတယ်လို့လည်း ဆိုပါတယ်။
ဒေသခံတယောက်က “အဲလို ဂဏန်းပေးကြတဲ့သူတွေ တော်တော်များတယ်။ အတိအကျတော့ မပြောတတ်ဘူး။ သူတို့က 2D 3D page ထောင်တယ်။ Boost (ကြော်ငြာ)တယ်။ ပြီးတော့ 2D ဆို တပတ်စာကို ဘယ်ဈေး၊ 3D ဆိုလည်း ထွက်မယ့်ရက်ကို ဘယ်ဈေးပေါ့။ ကွန်ပျူတာဆိုင်တွေမှာ ပုံတွေ ဖြတ်ကပ်ပြီး၊ ပိုက်ဆံအပုံလိုက်ချပြပြီး ထိုင်းက ဂဏန်းဝယ်ထားတာ ပေါက်စေချင်လို့ ဘယ်ဈေးပေါ့၊ အဲဒီလိုမျိုး လိမ်ကြတာ။ သူတို့ပေးတဲ့ဂဏန်းကလည်း တကြိမ်မဟုတ် တကြိမ် တူကြတာဆိုတော့ ယုံတဲ့သူတွေလည်း ရှိတာပေါ့” လို့ ပြောပါတယ်။
အဲဒီ ၂ လုံးနဲ့ ချဲဂဏန်းတွေကို ကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိနဲ့ ရောင်းစားကြသလို ဂဏန်းပေးမယ်ဆိုပြီး လိမ်ညာကြတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
အစကတည်းက ရဲကို ငွေပေးပြီး လုပ်စားနေကြသူတွေရှိတာကြောင့် အခုတော့ စာရင်းအတိအကျနဲ့ လာဖမ်းတာဖြစ်ပြီး မနေ့က စာရင်းပါသူတယောက်ကို မတွေ့လို့ သူ့မိန်းမကို ဖမ်းသွားကာ အခုတော့ အဲဒီလူကလာအဖမ်းခံလို့ မိန်းမကို ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။