စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သပြေတောကျေးရွာအနီးကို ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၂ နာရီမှာ စစ်ကောင်စီလေတပ်က ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ သပြေတောကျေးရွာဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး ရွာသားတွေကတော့ ရွာထဲမှာ နေထိုင်ခြင်းမရှိတာ တလလောက်ရှိနေပြီလို့လည်း သိရပါတယ်။
“အစက အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း သပြေတောအနီးကို ဆန်တက်လာတယ်။ အဲ သပြေတောရွာဆိပ်ကမ်းမှာ စစ်ကောင်စီ ဖလပ်မော်တော်တွေ တလလောက်ရှိနေပြီလေ။ အဲ့ဖလပ်တွေဆီ လာတယ်။ အဲလိုလာတာကို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပြီး အခုလို လေယာဉ်နဲ့လာပစ်တာဗျ။ ရွာထဲကတော့ လူမနေတာ တလလောက်ရှိနေပြီ။ အသေအပျောက်၊ အပျက်အစီးကတော့ မပြောနိုင်သေးဘူး” လို့ သပြေတောရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများတာကြောင့် မုံရွာနမခတပ် အတွင်းကနေ လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ ဆည်မြောင်းရုံးနဲ့ သစ်တောရုံးကြားမှာ တပ်အထိုင်ချဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကလေးမြို့ပြစီမံချက် UG အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာ ကလေး UG အဖွဲ့က ကြိုတင်အသင့်ထောင်ထားတဲ့ မဟာမိုင်းတွေနဲ့ အချိန်ကိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦး နေရာတင် ပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး UG အဖွဲ့က ပြောပါတယ်။
“၃ ဦးက ပွဲချင်းပြီးသေတာ။ တဦးက ပေါင်ပြတ်၊ နောက်တဦးက အပြင်းအထန် အဝီစိရောက်လုနီးနီး ဒဏ်ရာတွေနဲ့ မချိမဆန့်ဖြစ်နေတာ။ သူတို့တွေ မိုင်းဆွဲခံရပြီး လူနာတင်ယာဉ်နဲ့ လာသယ်တာကို တွေ့ခဲ့ရတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်မှုမရှိဘူး။”
အဲ့ဒီမိုင်းဆွဲတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ဖေဖော်ဝါရီ ၃ ရက်ကလည်း God of Empire အဖွဲ့က ဆည်မြောင်းရုံးအတွင်းထိဝင်ပြီး မိုင်းဖောက်ခွဲခဲ့သလို ဆည်မြောင်းရုံးရှေ့က ဘက်ဖိုးတစီးကိုလည်း မီးရှို့ခဲ့ပါသေးတယ်။