Home
မြန်မာသတင်း
သံတောင်မြို့ ၌ စစ်တပ်က လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက်
DVB
·
February 6, 2023
329132388_881055049765634_6111293056676546120_n
328052117_579149300941411_6943684024789826584_n

ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃ မိုင်)မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက မြို့ထဲမှာရှိတဲ့ ဒေသခံတွေကို ဖမ်းဆီးနေသလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်၊ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ပတ်အတွင်း မြို့ထဲကို လက်နက်ကြီး အလုံး ၄၀ လောက် ပစ်ခတ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံတွေအပြင် လူနေရပ်ကွက်တွေထဲကိုလည်း လက်နက်ကြီး ကျရောက်ခဲ့ကာ လူနေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၅ ရက်ကစပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးလို့ လူနေအိမ် ၄ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်က သံတောင်မြို့ပေါ်မှာလည်း လုံခြုံရေး တင်းကျပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းနေသလို ဖမ်းဆီးရိုက်နှက် နှိပ်စက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက "သူတို့က တွေ့ရင် ဖမ်းတယ်။ မေးတယ်။ ရိုက်တယ်။ ဖုန်းတွေလည်း ရိုက်ခွဲတယ်။ အကြောင်းပြချက်မရှိဘဲ ကျောကုန်းတွေ ရိုက်တယ်။ ကေအန်ယူ လူကြီးတွေရဲ့ နာမည်တွေ မေးတယ်။ ဓာတ်ပုံတွေပြမေးတယ်။ သူတို့ ဘယ်ရွာမှာနေလဲ သူတို့အိမ် ဘယ်မှာလဲ။ ပြီးတော့ PDF တွေနဲ့ပတ်သက်တယ်မလား။ PDF တွေကို ထောက်ပို့တွေ လုပ်ပေးတယ်မလား။ နင် PDF ထဲ ပါတယ်မလား မေးတယ်" လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တောင်ငူခရိုင် သံတောင်မြို့နယ် တာဝန်ရှိသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဇန်နဝါရီလ ၄ ရက်ညနေ ၃ နာရီလောက်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

“ရှို့တာက စကစ တပ်က ရှို့တာ။ မီးလောင်သွားတာက ကေအန်ယူ သံတောင်မြို့နယ် မြို့နယ်မှူးအိမ်နဲ့၊ တပ်မတော်(ကေအန်ယူအရာရှိ) အိမ် ၂ အိမ် အပါအဝင် ဒေသခံအိမ် ၈ လုံး မီးလောင်ပျက်စီးသွားတယ်။”

အဆိုပါ မီးရှို့မှုမတိုင်ခင် ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်းကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီကားကို ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့  စစ်ကား ၃ စီးပျက်ပြီး စစ်ကောင်စီတပ်သား ၃၀ လောက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာ၊ စနိုက်ပါနဲ့ လာရောက်ပစ်ခတ်တာတွေရှိတာကြောင့် စစ်ကောင်စီအနေနဲ့အထိနာလာနေတဲ့အတွက် အခုလို ဖမ်းဆီးနှိပ်စက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလော သံတောင်မြို့တွင်းမှာ နေတဲ့ ဒေသခံ ၃၀၀၀ ကျော်က နီးစပ်ရာ နေရာတွေကို ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024