
စစ်ကောင်စီအနေနဲ့ လက်ရှိရောင်းချနေတဲ့ အောင်ဘာလေထီကို ပြည်သူလူထုက ဝယ်ယူအားပေးတာတွေ လျော့ကျသွားတဲ့အတွက် ထီလက်မှတ် အက္ခရာ ၁၀ လုံးအစား ၇ လုံးထိ လျှော့ရောင်းနေရတယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက သိရပါတယ်။
အဲ့ဒီလို ထီလက်မှတ် အက္ခရာ ၁၀ လုံးအစား ၇ လုံးထိ လျှော့ပြီး ရောင်းချနေရတာဟာ အာဏာသိမ်းပြီးနောက်ပိုင်း အောင်ဘာလေထီကို ပြည်သူတွေ ဝယ်ယူအားပေးတာ ထက်ဝက်မက လျော့ကျသွားခဲ့တာကြောင့် လစဉ်ပုံနှိပ်နေတဲ့ ထီစာအုပ်တွေကလည်း အမှိုက်တခုလို ဖြစ်နေတယ်လို့ အောင်ဘာလေထီလက်မှတ် ရောင်းချရေးဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။
“ထီအရောင်း ပြန်သွက်လာတယ်ဆိုတာ သူတို့ပါးစပ်ထဲရှိတာတွေ လျှောက်ပြောနေတာ။ ထီတွေမရောင်းရတော့လို့ အပူးလို အက္ခရာမျိုးတွေကို ဖြုတ်ပစ်ပြီး ရောင်းနေရတာ။”
အခုနှစ် ဇန်နဝါရီလမှာ ထီစာအုပ်ပေါင်း ၄၇၀,၀၀၀ ကျော် ရောင်းချခဲ့ရပြီး ငွေကျပ် သန်း ၄,၇၀၀ ကျော်ရရှိခဲ့ကာ ရောင်းချငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ထီဆုမဲအဖြစ် ချီးမြှင့်သွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာခဲ့ပါတယ်။
အဲ့ဒီနောက် နိုင်ငံတော်အနေနဲ့ မရောင်းရထီစာအုပ်တွေအတွက် ပုံနှိပ်ခသက်သာစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မရောင်းရထီစာအုပ်တွေကို ပယ်ဖျက်တဲ့လုပ်ငန်းစဉ်တွေ လွယ်ကူအဆင်ပြေစေဖို့ အက္ခရာ ၁၀ လုံး ရောင်းချခဲ့ရာက ဖေဖော်ဝါရီလ ၄၈ ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်တွေကိုတော့ အက္ခရာ ၇ လုံးနဲ့ပဲ ရောင်းချတော့မယ်လို့ သိရပါတယ်။
ပြည်သူ့အစိုးရလက်ထက်မှာ အမြင့်ဆုံးဆု ကျပ်သိန်းတသောင်းခွဲအထိ ချီးမြှင့်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကျပ် သိန်း ငါးထောင်၊ ကျပ် သိန်းတထောင်တို့ကိုသာ အမြင့်ဆုံးအဖြစ် ပေးနေပါတယ်။
စစ်ကောင်စီက ချုပ်ကိုင်ထားတဲ့ အောင်ဘာလေထီကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကျပ်သန်း ၄,၃၀၀ နဲ့ နိုဝင်ဘာလမှာ ကျပ်သန်း ၃,၇၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့လည်း အဲ့ဒီဌာနက ထုတ်ပြန်ထားပါသေးတယ်။