လျော်ကြေးပေးသွင်းရန် ဆရာဝန် အယောက် ၄၀ ခန့်ကို သတိပေး
DVB
·
June 3, 2014
ကျန်းမာရေးဝန်ကြီးဌာန ဆေးသိပ္ပံဦးစီးဌာနဟာ ၀န်ထမ်းစည်းမျဉ်း၊ ပညာသင်စည်းမျဉ်းနဲ့ ခံဝန်ချက်ဖောက်ဖျက်ကျူးလွန်ခဲ့လို့ ဆိုပြီး ဆရာဝန် ၃၉ ယောက်ကို ငွေကျပ် ၃ သိန်းကနေ သိန်း ၅၀ အထိ လျော်ကြေးတွေ ပေးသွင်းဖို့ ဒီနေ့ သတိပေးချက် ထုတ်ပြန်ပါတယ်။
လျော်ကြေးတောင်းခံရသူ ဆရာဝန်အများစုဟာ နိုင်ငံခြားကို ထွက်ခွာသွားသူတွေ ဖြစ်ကြပြီး ကျပ်ငွေ သိန်း ၅၀ လျော်ကြေးပေးဖို့ တောင်းဆိုခံရသူ ၁၁ ယောက် ပါဝင်ပါတယ်။
ဒီဆရာဝန်တွေဟာ နိုင်ငံခြားထွက်ခွာဖို့ နိုင်ငံကူးလက်မှတ်လုပ်တဲ့အခါ ပြန်လာပြီး အစိုးရ၀န်ထမ်းအဖြစ် တာဝန်ပြန် ထမ်းဆောင်ပါ့မယ်လို့ ကတိခံဝန် လက်မှတ်ရေးထိုးခဲ့ကြရတာဖြစ်ပြီး ကတိပျက်ကွက်လို့ ခုလို လျော်ကြေးအတောင်းခံရတာလို့ ဂျီပီ ဆရာဝန် ဒေါက်တာခင်စန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ဆရာဝန်တွေဟာ ဗုဒ္ဓဂါယာလို နေရာမျိုးကို ဘုရားဖူးသွားမယ်ဆိုရင်တောင် အာမခံကြေး ကျပ် ၁၀ သိန်း သွင်းရတဲ့ စနစ် ရှိခဲ့တယ်လို့ သူက ရှင်းပြပါတယ်။
အခု လျော်ကြေး အတောင်းခံရသူတွေဟာ သတ်မှတ်ချိန်အတွင်း ငွေ မပေးသွင်းရင် တရားဥပဒေအရ တရားစွဲခံရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။