
ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ မှော်ဘီမြို့နယ်လျှပ်စစ်ရုံးစီမံဌာနမှာ ဖေဖော်ဝါရီ ၆ ရက် ဒီနေ့ မနက် ဗုံးပေါက်ပြီး ဝန်ထမ်းအမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မှော်ဘီမြို့နယ် ၂ ရပ်ကွက် ပြည်လမ်းမကြီးပေါ်ရှိ မြို့နယ်လျှပ်စစ်ရုံးမှာ ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်က ဗုံးပေါက်ခဲ့ရာ ပြတင်းပေါက်မှန်ကွဲစတွေ ထိမှန်လို့ ဝန်ထမ်းသုံးဦးဒဏ် ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"မီတာရုံးရှေ့မှာ စစ်တပ်ရော ရဲရော အကုန်ရောက်နေတာ လူနာတင်ယာဥ်တွေရော ဝန်ထမ်းသုံးဦး ထမ်းစင်နဲ့သယ်သွားတာတွေ့တယ်။ ရုံးဘေးမှာပေါက်တာ ပြတင်းပေါက်မှန်တွေ ကွဲပြီးမှန်စတွေမှန်တာ "လို့ ပြောပါတယ်။
ဒဏ်ရာရသူတွေကတော့ မီတာဖတ်စာရေး မျိုးဇော်၊ စန်းကိုနဲ့ အငယ်တန်းစာရေး မထိုက်ထိုက်နွယ် တို့ဖြစ်ပြီး မှော်ဘီမြို့နယ်ဆေးရုံကို စစ်တပ်က ပို့ဆောင်ထားတယ်လို့ EPC ရုံးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
လတ်တလောမှာ မှော်ဘီမြို့နယ် EPC ရုံးနဲ့အနီးတဝိုက်မှာ ကား၊ ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ခရမ်းမြို့နယ်နဲ့ လှိုင်မြို့နယ်မှာ ပစ်ခတ်မှု ဖြစ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနဲ့ ရာအိမ်မှူး ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ ပစ်ခတ်မှု ၁၀ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်မှူး ၃ ဦး အပါအဝင် ၉ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။