
ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင် တဝေါသောရွာက တောင်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် စပါးနေရာမှာ နနွင်းကို ပြောင်းလဲစိုက်ပျိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသရဲ့ မြေစနစ်အရ တောင်ယာတစ်ခင်း စပါးစိုက်ပျိုးလို့ အိမ်ထောင်မိသားစုအတွက် မလောက်ငှသလို စစ်ကောင်စီဘက်က စစ်ကြောင်း မကြာခဏ ထိုးနေလို့ အခုလို နနွင်းပြောင်းစိုက်တာလည်း ပါတယ်လို့ နနွင်းလုပ်ငန်းလုပ်ကိုင်သူ ဒေသခံ CDM ဆရာမတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေက စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့အချိန် စပါးတွေက ထားခဲ့ရပြီး စပါးက အချိန်လွန်ရင် မဖြစ်မနေ ရိတ်သိမ်းပေးရကာ နနွင်းကျတော့ ရိတ်သိမ်းစရာမလိုပဲ ဒီအတိုင်းပဲ ပစ်ထားခဲ့လို့ရတာကြောင့် အခုလို စိုက်ပျိုးဖြစ်တာလို့လည်းဆိုပါတယ်။
အရင်ကတော့ နနွင်းကို အိမ်သုံးဖို့အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာကနေ အခုခါမှာတော့ ပြန်လည်ရောင်းချဖို့အတွက် စိုက်ပျိုးလာကြပြီး နနွင်းကို ဧပြီနဲ့ မေလမှာ စတင်စိုက်ပျိုးကာ ၉ လအကြာမှာ ပြန်လည်တူးဖော်ရပြီး နနွင်း အစို ၁၀ ပိဿာကို အခြောက် ၂ ပိဿာထွက်ရှိပြီး ထွက်ပြီးသား နနွင်းတွေကို ပဲခူးမြို့ပေါ်ကို တင်ပို့ရောင်းချတယ်လို့ နနွင်းလုပ်ငန်းလုပ်ကိုင်သူ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေတဲ့အတွက် တဝေါသောရွာ နဲ့ ရွာနီးစပ်က ဒေသခံတွေက မကြာခဏဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။