
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပုလဲမြို့နယ်ထဲက စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၇ ခုက ဒေသခံတွေအတွက် ကမ်းလက်မေတ္တာအဖွဲ့က လှူဒါန်းတဲ့ ကျပ် သိန်း ၃၅၆ ကျော် တန်ဖိုးရှိ ပစ္စည်းတွေကို ထပ်ဆင့်လှူဒါန်းခဲ့တယ်လို့ မြို့နယ် ပအဖ ခေါင်းဆောင်က ပြောပါတယ်။
ပုလဲမြို့နယ်ထဲက မီးရှို့ခံခဲ့ရတဲ့ ကျေးရွာ ၇ ရွာက အိမ်ထောင်စု ၁၆၂ စုအတွက် အိမ်ထောင်စု ၁ စုကို ပစ္စည်း ၁၆ မျိုး ထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပြီး ကမ်းလက်မေတ္တာအဖွဲ့အနေနဲ့ အခုလို လှူဒါန်းတာဟာ ၂ ကြိမ်မြောက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ ပုလဲမြို့နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူဦးရေ ၃,၀၀၀ ကျော်ရှိပြီး နောက်ထပ် လိုအပ်နေတာတွေလည်း အများကြီးရှိနေသေးတယ်လို့ မြို့နယ် ပအဖခေါင်းဆောင် ကိုဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။
မီးရှို့ခံရတဲ့ ၇ ရွာအတွက် NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထောက်ပံ့ငွေ ၂၁ သိန်းကိုလည်း ပုလဲမြို့နယ် လူသားစာနာ တာဝန်ခံက သက်ဆိုင်ရာ ကျေးရွာ ပအဖ တွေကို ပေးအပ်ခဲ့ပါသေးတယ်။
အခုလှူဒါန်းခဲ့တဲ့ ကျေးရွာတွေဟာ စစ်ကောင်စီတပ်ရဲ့ ကန့်ဒေါင့်စခန်း၊ အင်မထီး ပျူစောထီး စခန်းတွေနဲ့ နီးတဲ့နေရာတွေဖြစ်တဲ့အတွက် လုံခြုံရေးကို ပုလဲအခြေစိုက်၊ ယင်းမာပင်ခရိုင် တပ်ရင်းတွေက ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက မီးဘေးသင့်ခဲ့တဲ့ ဇဝကျေးရွာအတွက် ကာလတန်ဖိုး ၁၀ သိန်းကျော်ဖိုးရှိတဲ့ ဆန်အိတ်တွေကို ခင်ဦးမြို့နယ် ဒေသခံ ကာကွယ်ရေးမဟာမိတ် အင်အားစု (KURDAF) က ထောက်ပံ့လှူဒါန်းခဲ့ပါသေးတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ဇန်နဝါရီလက စစ်ကောင်စီတပ် မီးရှို့ခံရတဲ့ ရွာ ၄ ရွာကို စားသုံးဆီနဲ့ ငွေကျပ်တသောင်းနှုန်းစီ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး ပြည်သူမှပြည်သူသို့ အစီအစဥ်နဲ့ ဖေဖော်ဝါရီ ၅ ရက်က လှူဒါန်းခဲ့တယ်လို့ မြို့နယ် ပအဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဇန်နဝါရီ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ မီးရှို့ခံရတဲ့ ဗျိုင်းကြိုင်၊ ရုံးစု၊ ညောင်ပင်ကြီးစုနဲ့ မှန်သာကျေးရွာတို့က အိမ်ထောင်စု ၇၀၀ ဝန်းကျင်အတွက် တအိမ်ထောင်ကို ဆီ ၅၀ ကျပ်သားနဲ့ ငွေကျပ်တသောင်းနှုန်း လှူဒါန်းခဲ့တယ်လို့ မြို့နယ် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။
ရွာကို မီးရှို့ခံရလို့ ထွက်ပြေးချိန်မှာ ဘာပစ္စည်းမှ မယူနိုင်တာကြောင့် နေစရာမဲ့ စားစရာမဲ့ ဖြစ်နေချိန်မှာ အခုလို လူသားချင်းစာနာထောက်ထားပြီး လာရောက်ကူညီကြတာကို ကျေးဇူးတင်တယ်လို့လည်း ရုံးစုကျေးရွာနေ ပြည်သူတဦးက ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ မီးရှို့ခံရတဲ့ အိမ်ခြေ ၃,၇၀၀ ဝန်းကျင်ထိရှိပြီး လူဦးရေ ၂၀,၀၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ မီးဘေးဒုက္ခကြုံနေရတယ်လို့ ဒေသတွင်း ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။