
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အမှတ် ၃ လမ်းမကြီးမှာ ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေကြောင့် ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ည ၉ နာရီဝန်းကျင်လောက် အမှတ် (၃) လမ်းမရှိ (၃၃၃) မှတ်တိုင်အနီးမှာ ဟိုက်ဂျက်၊ ဒိုင်နာနဲ့ လိုက်ထရပ်ကားသုံးစီးဆင့်တိုက်မှု ဖြစ်ခဲ့တာကြောင့် လိုက်ထရပ်ကားပေါ်ပါ ၉ နှစ်အရွယ် မိန်းကလေး သေဆုံးခဲ့ရပြီး အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မြောက်ဥက္ကလာပမြို့နယ်က မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၄ ရက် မနက် ၇ နာရီလောက်ကလည်း အမှတ် (၃) လမ်းမ၊ ကုန်းတလပေါင် မှတ်တိုင်အနီးမှာ ဆိုင်ကယ်ကယ်ရီနဲ့ ဆီဘောက်ဆာကားတိုက်မိတာကြောင့် စက်ရုံကို အလုပ်သွားတဲ့ အသက် ၂၄ အရွယ် အမျိုးသမီးတဦး ဆိုင်ကယ်ပေါ်က ပြုတ်ကျကာ လမ်းမနဲ့ နောက်စေ့ရိုက်မိရာက သေဆုံးသွားခဲ့ရပြီး ကယ်ရီမောင်းသူ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသူရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက "သေဆုံးသွားတဲ့ ကောင်မလေးက ညီမသူငယ်ချင်းပါ၊ အောင်လံကနေ ဒီကို အလုပ်လာလုပ်တာ။ အဲဒီနေ့မနက်က နေမကောင်းနေလို့ စက်ရုံနောက်ကျမှာစိုးလို့ ဆိုင်ကယ်ငှားပြီး သွားရင်း ဖြစ်တာ။ စက်ရုံက အထည်ချုပ်၊ အမှတ် ၉ တပ်ရင်းနားမှာ။ ကယ်ရီမောင်းသူရော၊ တိုက်သွားတဲ့ ဆီဘောက်ဆာကားမောင်းသူကလည်း အဖိုးကြီးပါ။ သူ့အမေနဲ့ အစ်ကိုတော့ ရွာကနေ ရောက်နေပါပြီ။ မနက်ဖြန် မနက် ၁၁ နာရီလောက် ရေဝေးမှာ သင်္ဂြိုဟ်မှာပါ" လို့ ပြောပါတယ်။
သေဆုံးသွားသူရဲ့ ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတို့ကို မေဓာဝီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပြီး အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အသေးစိတ်ကို မေးမြန်းဖို့ မင်္ဂလာဒုံမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
ဓာတ်ပုံ [ ပုလဲအရန်မီးသတ်တပ်ဖွဲ့ ]