Home
မြန်မာသတင်း
ဖက်ဒရယ်ဒီမိုကရေစီအရေး နှစ် ၇၀ ကျော် တိုက်ပွဲဝင်ခဲ့သည့် မွန်လူမျိုးတို့အား ဦးညွှတ်ဂုဏ်ပြု ကြောင်း NUG ထုတ်ပြန်
DVB
·
February 5, 2023

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း ၇၀ ကျော် အသက်သွေး ချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြ တဲ့ မွန်လူမျိုးတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်း ဒီကနေ့ ကျရောက်တဲ့ ၇၆ နှစ်မြောက် မွန်အမျိုးသား နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

ဒါ့အပြင် ရာမညဒေသလို့ အမည်တွင်တဲ့ လက်ရှိမြန်မာနိုင်ငံ တောင်ပိုင်းဒေသမှာ မွန်လူမျိုးတွေဟာ ဗုဒ္ဓသာသနာထွန်းကားရေးအတွက် စေတီပုထိုးကျောင်းကန်တည်ဆောက်တာ၊ မြို့ပြရပ်ရွာတွေ ထူထောင်တာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံရောင်းဝယ် ဖောက်ကားတာတွေသာမက အရှေ့တောင်အာရှဒေသမှာ ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူမျိုးတမျိုးဖြစ်တယ်ဆိုတာ အထင်အရှားတွေ့ရှိရတယ်လို့လည်း NUG ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြပါတယ်။

ခေတ်အဆက်ဆက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝကျင့်သုံးခဲ့ကြတဲ့ မွန်လူမျိုးတွေဟာ ဗြိတိသျှ ကိုလိုနီလက်အောက်ကို တခြားတိုင်းရင်းသားလူမျိုးတွေနည်းတူ ရောက်ရှိခဲ့ရပြီး ဗြိတိသျှနဲ့ ဂျပန်တို့ကို ဆန့်ကျင် တော်လှန်ရာမှာလည်း တက်ကြွစွာပါဝင်ခဲ့ကြကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဖဆပလခေါင်းဆောင်တွေဆီ မွန်ပြည်နယ်သတ်မှတ်ပေးဖို့ အရေးဆိုတဲ့အခါ ဖဆပလ ခေါင်းဆောင်တွေက ငြင်းပယ်ခဲ့တာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အာဏာရှင်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့ပြီး နိုင်ငံသူ နိုင်ငံသားတွေအပေါ် အကြမ်းဖက်နှိမ်နင်းတာတွေကို နေ့စဉ်ရက်ဆက် ကျုးလွန်နေတာကြောင့် ပြည်သူတရပ်လုံးက ရရာနည်းလမ်းနဲ့ ခုခံတော်လှန်နေကြချိန်မှာ မွန်အမျိုးသားနိုင်ငံရေးအင်အားစုတွေက တခြားသော တိုင်းရင်းသား ပြည်သူတွေနဲ့ စုစည်းလက်တွဲပြီး ဆောင်ရွက်နေတာကို တွေ့ရတယ်လို့ NUG အစိုးရက ပြောပါတယ်။

သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်မှာ မွန်အမျိုးသား ညီနောင်နှစ်ပါးဖြစ်တဲ့ သမလမင်းနဲ့ ဝိမလမင်းတို့က မျက်မှောက်ခေတ် ပဲခူးမြို့နေရာဒေသမှာ မွန်မျိုးနွယ်စုတွေကို ဦးဆောင်ကာ ပထမဟံသာဝတီ မွန်နေပြည်တော်ကို ထူထောင်ခဲ့ပြီး အဲဒီနေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024