
တနင်္သာရီတိုင်း၊ ပလမြို့၊ တန်းရှင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား အပြန်အလှန်တိုက်ပွဲတွေကြောင့် ဒေသခံ ၆၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တန်းရှင်းကျေးရွာနေသူ တယောက် သေဆုံးကာ ဒေသခံ ၆၀၀ ကျော် ထွက်ပြေးနေရပါတယ်။
ဒေသခံ တဦးက "ရွာမှာလူသိပ် မရှိတော့ဘူး။ ကျန်ခဲ့တဲ့လူလည်း သိပ်မရှိတော့ဘူး။ ခုလောလောဆယ်မှာ ထွက်ပြေးရမှာပဲ။ စစ်တပ်က ရွာကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့်ပါ"လို့ ဆိုပါတယ်။
လတ်တလော စစ်ရှောင်တွေဟာ နီးစပ်ရာနေရာတွေကို ထွက်ပြေးနေရတာကြောင့် ဆေးဝါး၊ ရိက္ခာ လိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီလတုန်းကလည်း စစ်တပ်က တန်းရှင်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးခဲ့ကြရပြီး မကြာသေးမိကမှ ပြန်လည်ရောက်ရှိ နေထိုင်လာကြတာ ဖြစ်ပါတယ်။