မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ချမှတ်ထားခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လေးစားလိုက်နာ အကောက်အထည်ဖော်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
အခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျတဲ့ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဂျာကာတာမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ၂ ရက်ကြာ နိုင်ငံရေးဝန်ကြီးများအစည်းအဝေးအပြီး ဖေဖော်ဝါရီ ၄ ရက်မှာတောင်းဆိုလိုက်တာဖြစ်ပြီး ဒီအစည်းအဝေးမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးသစ် ဦးသန်းဆွေကိုတော့ တက်ရောက်ခွင့်မပေးခဲ့ပါဘူး။

မြန်မာပြည်မှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ သက်ဆိုင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုချက်တွေပါဝင်တဲ့ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၂၁ ခုနှစ် ဧပြီလက စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်သဘောတူခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်ကို လေးစားလိုက်နာဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မြန်မာစစ်အာဏာရှင်ကို တောင်းဆိုလိုက်ပါတယ်။
ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးမှုရရှိခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုအကောင်အထည်ဖော်ဖို့မျှော်လင့်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ပြောဆိုခဲ့တာ မရှိပါဘူး။
“မြန်မာပြည်ရဲ့ အခြေအနေကိုကိုင်တွယ်ရာမှာ လမ်းညွှန်အဖြစ် တညီတညွတ်တည်း အသုံးပြုနိုင်တဲ့ ဒီအစီအစဉ် (ဘုံသဘောတူညီချက် ၅ ရပ်) ဟာ အာဆီယံအတွက် သိပ်ကိုအရေးကြီးပါတယ်။ အထူးသဖြင့် အာဆီယံဥက္ကဋ္ဌ အတွက်ပေါ့။ ဒါဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ဝင်တွေအားလုံးရဲ့ ခိုင်မာတဲ့ ညီညွတ်မှုကို ပြသရာ ရောက်ပါတယ်”လို့ပြောပါတယ်။
အလားတူ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်ကလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံရေးခြားရေးဝန်ကြီးတွေအကြားမှာ မတူညီတဲ့စိုးရိမ်မှုတွေရှိနေပေမဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး အဆုံးစွန်ထိ ညီညွတ်မှုတွေရှိနေတယ်လို့ အစည်းအဝေးအပြီး မီဒီယာနဲ့ အင်တာဗျူးတခုမှာပြောပါတယ်။
လက်ရှိမြန်မာပြည်အခြေအနေဟာ ပိုမကောင်းလာဘဲ မြေပြင်ကရတဲ့သတင်းတွေအရဆိုရင် အခြေအနေဟာ ပိုလို့တောင်ဆိုးဝါးနေနိုင်ပါတယ်လို့လည်း ဝန်ကြီး ဗီဗီယန်က ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးထောင်ချခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး စစ်တပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် သက်ဆိုင်သူ အားလုံးအကြားမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လိုအပ်တယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာအရေးပိုမိုလုပ်ဆောင်သွားဖို့ နိုင်ငံခြားရေးဌာနလက်အောက်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးဖွင့်လှစ် ဆောင်ရွက်သွားမယ်လို့လည်း ကြေညာထားပါတယ်။
PHOTO- INDONESIA FM