
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၈ လမ်း × ၄၂ လမ်း ကြားမှာ ဖွင့်လှစ်ထားတဲ့ LFC ကြက်ကြော်ဆိုင်ပိုင်ရှင်ဖြစ်သူကို ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီလောက် က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပြီး မိသားစုဝင်တွေနဲ့ လက်ရှိအချိန် အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်ကောင်စီရဲ့ သတင်းပေး တယ်လီဂရမ်ချန်နယ်ကနေ အဖမ်းခံရသူရဲ့ ပုံ၊ လိပ်စာနဲ့ အသံတိတ်သပိတ် ပါဝင်ဖို့ ပြောဆိုထားတဲ့ စခရင်ရှော့ပုံတွေနဲ့ မန္တလေးက စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေ ဖမ်းဆီးပေးဖို့ ပြောဆိုထားတာပါ။
မိသားစုဝင်နဲ့ နီးစပ်သူတဦးက "ကိုဇေ ဖမ်းခံရတယ်။ ၂ ရက်နေ့ ညနေ ၄ နာရီလောက်က ဆိုင်မှာ ရှိနေတုန်း လာခေါ်သွားတာ၊ အခုထိ ဘာမှအဆက်အသွယ်မရသေးပါဘူး၊ သူက ဖေ့ဘွတ်ခ်မှာ ဖော်လိုဝါ များတယ်။ silent strike ၁ ရက်နေ့ကပုံတွေ တင်လိုက်လို့ စစ်တပ်က သိပြီး လာဖမ်းတာ။ အကောင့်မှာ ဆိုင်လိပ်စာတင်ထားတော့ ညနေပိုင်းလောက် လာခေါ်သွားတာ။ အခုထိ ဘာမှ သတင်းမရသေးဘူး " လို့ ပြောပါတယ်။
မန္တလေးမှာ Silent Strike တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် လှုပ်ရှားမှုတွေကို လူမှုကွန်ရက် ပေါ်တင်လို့ အဖမ်းခံရသူ ၂ ဦးထက်မနည်း ရှိနေပြီး စစ်ကောင်စီသတင်းပေးချန်နယ်တွေမှာ လိပ်စာနဲ့တကွ ဖမ်းဖို့ အတင်ခံရသူ ၂ ဦးလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်ပေါ် စစ်ကောင်စီဆန့်ကျင်ရေးပို့စ်တင်လို့ ဆိုပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးတိုင်း၊ နေပြည်တော်နယ်မြေမှာ လူငယ်အမျိုးသမီး ၃ ယောက် ဖမ်းဆီးခံထားရတဲ့အပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ပါ တရားစွဲဆိုခံထားရပါတယ်။