
စစ်ကိုင်းတိုင်း၊ကလေးမြို့၊ တောင်ဇလပ်နယ်မြေ ၆ ရပ်ကွက် စစ်ကောင်စီလက်အောက်ခံ ခရိုင်ဆည်မြောင်းရုံးကို ကလေးမြို့ပြစစ်ဆင်ရေး God of Empire အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ည ၈ နာရီဝန်းကျင်မှာ ရုံးဝန်းအတွင်းထိ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆည်မြောင်းရုံးအနီးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သေးတယ်လို့ God of Empire ရဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဆည်မြောင်းရုံးဝန်းအတွင်းမှာ စစ်သားတွေလည်းမရှိသလို ဝန်ထမ်းတွေလည်းမရှိပါဘူး။ တခါတရံစစ်သားတွေ လာတတ်ပါတယ်။ ကျနော်တို့တိုက်ခိုက်တဲ့အချိန်မှာမရှိပါဘူး။ စစ်ကောင်စီရဲ့ယန္တရားကို မလည်ပတ်စေရေးအတွက် လုပ်ဆောင်ခဲ့တာပါ။ ညပိုင်းမစ်ရှင်အဖွဲ့ကနေပြီးတော့ ရုံးဝန်းအတွင်းမှာ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာပါ။ ရုံးပြင်က ဘက်ဖိုးတစီးကိုလည်း ဒီဇယ်နဲ့လောင်းပြီးမီးရှို့ခဲ့ပါတယ်။"
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း မိမိတို့ဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ God of Empire အဖွဲ့ကဆိုထားပြီး စစ်ကောင်စီဘက်ကတော့ ခရိုင်ဆည်မြောင်းရုံးကို PDF တွေက မိုင်းဖောက်ခွဲခဲ့ပြီး မြေးတူးစက်တစီးကို မီးရှို့ခဲ့ကြောင်း၊ လူနဲ့တိရစ္ဆာန်တွေ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ထားပါတယ်။
"ဒီနေ့မနက်အစောကြီး ၃ နာရီခွဲလောက်မှာလည်း အဲ့ဒီရုံးမှာ မိုင်းကွဲတယ်ကြားတယ်။ ဘယ်သူတွေလုပ်တာလည်းတော့မသိဘူး။ ကျနော်တို့အဖွဲ့က အများပြည်သူနဲ့မလွတ်ကင်းတဲ့ နေရာတွေအချိန်တွေဆိုရင် လုံးဝဖောက်ခွဲမှုကို မလုပ်ဆောင်ပါဘူး။ ကျနော်တို့ဘက်က လုပ်ဆောင်တဲ့နေရာမှာ စစ်ကောင်စီ နဲ့ ပတ်သက်ဆက်နွှယ်ခြင်းလုံးဝမရှိတဲ့ မည်သူပဲဖြစ်စေ ထိခိုက်အောင်မလုပ်ဘူး" လို့ ကလေး PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။
အဆိုပါ ခရိုင်ဆည်မြောင်းရုံးဟာ ပြီးခဲ့တဲ့နှစ်ကလည်း လက်လုပ်မိုင်းတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကြီးရွာကို စစ်ကောင်စီ စစ်ကြောင်း တခု ဒီမနက် ၇ နာရီမှာ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာသား ၁ ယောက် ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “သေနတ်နဲ့ ပစ်ပြီး ရွာထဲဝင်တယ်။ အဲဒီလို ဝင်ရင်း ပစ်ခတ်လို့ အသက် ၆၀ ကျော် အဘိုးအို ကျည်ထိမှန်ခဲ့တယ်။ လက်နက်ကြီးစထိမှန်ထားတယ်။ အရေးပေါ်ဆေးကုသပေးနေရတယ်။ အသက်အန္တရယ် စိုးရိမ်ရတဲ့အနေအထားအခြေအနေပဲ။”
စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်တာကြောင့် ပုဏ္ဏားကြီး၊ ဦးကင်းကြည်နဲ့ ကံကြီးရွာက ပြည်သူ ၁ ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။