
မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်ကြားက အင်ပင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်စခန်းကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီလောက်က ကာကွယ်ရေးအဖွဲတွေက တိုက်ခိုက်ခဲ့တယ်လို့ PPDF က တာဝန်ရှိသူ ကိုအတီးက ပြောပါတယ်။
"အင်ပင်ကျေးရွာမှာ တပ်စွဲထားပြီး ဂိတ်ဖွင့်ထားတဲ့ စစ်သားတွေက ခရီးသွားတွေကို နှောင့်ယှက်နေတာကြောင့် ပစ်ခတ်တာ”
အင်ပင်ကျေးရွာက စစ်စခန်းကို လက်နက်ကြီးတွေနဲ့ ဆယ်မိနစ်ခန့် ပစ်ခတ်ခဲ့ရာမှာတော့ စစ်သား ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စခန်းဝင်ရောက်တိုက်ခိုက်ခံရပီးနောက် စစ်သားတွေက အမည်မသိ ခရီးသွား တယောက်ကို မီးရှို့ သတ်ဖြတ်ခဲ့ပြီး အလောင်းကို အင်ပင်ကျေးရွာနားမှာ ပစ်ထားခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းကို ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁ တပ်ရင်း( နဂါးနီတပ်ရင်း )က သိရပါတယ်။
တပ်ရင်းတာဝန်ရှိသူ ကိုနဂါးက "မြို့ထဲလူတွေ ရှင်းနေချိန် ဝင်ပစ်ခဲ့တာ။ ပြည်သူတွေကို မထိစေချင်လို့ ဒီအချိန်ကို ရွေးပြီး ပစ်ခတ်ခဲ့တာပါ"လို့ ဆိုပါတယ်။
မြင်းမူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်မှု ရှိနိုင်တယ်လို့ ဆိုပေမဲ့ အခြေနေအတိအကျကို မသိရသေးပါဘူး။ မြင်းမူမြို့မရဲစခန်းပစ်ခတ်ခံရပြီးနောက် စစ်တပ်က မြို့ထဲမှာ စစ်ဆေးရေးတင်းကျပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တကောင်းမင်းကျေးရွာမှာ ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားချိန် စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်လို့ ရွာသား တဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းမှာ တကောင်းမင်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပြီး နေ့လည် ၁ နာရီခွဲလောက်မှာ ကျေးရွာကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲဖြစ်ချိန် စစ်တပ်က လက်နက်ကြီးကျည်တွေ ပစ်ခတ်တဲ့အတွက် ဆိုင်ကယ်နဲ့ ထွက်ပြေးတဲ့ ရွာသားတဦးကို ထိမှန်ပြီး လူရော၊ ဆိုင်ကယ်ပါ မီးလောင်ကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံ တဦးက “စစ်ရှောင်ဖို့ ဆိုင်ကယ်စီးပြီး ပြေးတဲ့သူ တဦးကို တင်ပါးတည့်တည့်မှန်တာပါ။ ဆိုင်ကယ်ရော၊ လူပါ မီးကျွမ်းသွားလို့ ချက်ချင်း သင်္ဂြိုလ်ပေးလိုက်ရပါတယ်”လို့ ဆိုပါတယ်။
စစ်တပ်က ကျေးရွာထဲက နေအိမ် ၁ လုံးကို မီးရှိ့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကြောင်း ထွက်ခွာ သွားတဲ့အခါမှာတော့ သူတို့နေရာမှာ သွေးကွက်တွေ အများပြားတွေ့ရှိ ရပြီး စစ်သား အလောင်းတလောင်းလည်း တွေ့ရတယ်လို့ ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။