
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကြိုးတံတားကျေးရွာအနီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့ကနေ ဇန်နဝါရီ ၃ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိသူ ၃ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၆ နာရီအချိန်လောက်က လမိုင်းမြို့၊ မော့ကနင်ကျေးရွာနေ ဒေသခံအမျိုးသား တစ်ဦးဟာ သူရဲ့ ရော်ဘာခြံကနေ ဆိုင်ကယ်နဲ့ ပြန်လာစဉ် ကြိုးတံတားကျေးရွာအနီးမှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် မိုင်းစထိမှန်ဒဏ်ရာရတွေ ရရှိခဲ့တာပါ။
ဒါ့အပြင် ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း လမိုင်းမြို့နေ အသက် ၇၀ နှစ်အရွယ် နိုင်ကိုးမိုင်ဟာ ကြိုးတံတားကျေးရွာအနီးရှိ ရော်ဘာခြံမှာ ရေပိုက်သွားပြင်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ဘယ်ခြေထောက်ဝတ် ပြတ်တောက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့မှာလည်း ကြိုးတံတားကျေးရွာအနီး ဆိုင်ကယ်နဲ့ နေအိမ်ပြန်လာတဲ့ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် လူအနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဆိုင်ကယ် တစ်စီးလုံး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတွေအဆိုအရ ကြိုးတံတားကျေးရွာအနီးမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ စခန်းပတ်လည်နဲ့ ဒေသခံတွေ ရော်ဘာခြံတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားကြောင်းနဲ့ ဥယျာဉ်ခြံလာသူတွေကိုလည်း သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။
လက်ရှိမှာ စစ်ကောင်စီကင်းစခန်းကနေ မကြာခဏဆိုသလို သူတို့စခန်းလာတဲ့ ဥယျာဉ်ခြံလုပ်သားတွေကို သေနတ်နဲ့ ပစ်ခတ်တာအပြင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဒေသခံအများစု ဥယျာဉ်ခြံတွေထဲ မသွားရဲကြတော့ဘူးလို့ သိရပါတယ်။
ရေးမြို့နယ် ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို ဝင်ရောက် တိုက်ခိုက်နေပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။