
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှာ ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသားတယောက် ဖေဖော်ဝါရီ ၂ ရက်က မိုင်းနင်းမိပြီး သူနဲ့အတူလိုက်ပါသွားတဲ့ ခွေးငယ်လေးပါ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မျက်မြင် ခမောင်းဆိပ်ရွာသားတဦးက “ခမောင်းဆိပ် နယ်ခြားစောင့်ကင်းစခန်း တောင်ဘက်မှာ မိုင်းပေါက်သံကြားလို့ ရွာသားတွေ သွားကြည့်ကြတာ၊ သူနဲ့အတူပါသွားတဲ့ ခွေးကလေးရော သူပါ ပွဲချင်းပြီးသေနေတာ တွေ့ရတယ်။ ငှက်ထောင်တာလည်း တွေ့ရတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူမှာ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်ကျော်စိုး (ဘ) ဦးမောင်ကျန်အေးဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၁၂ နာရီကျော်လောက်က ခမောင်းဆိပ်ကျေးရွာ နယ်ခြားစောင့်စခန်းရဲ့ တောင်ဘက်မှာ သူ့ခွေးငယ်လေးနဲ့အတူ ငှက်ကိုင်းထောင်နေစဥ် စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပေါက်ကွဲပြီး ပွဲချင်းပြီး သေဆုံးခဲ့တာပါ။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေက သူတို့နေထိုင်တပ်စခန်းချရာ နေရာအနီး ပတ်ဝန်းကျင်တွေမှာ မိုင်းတွေထောင်ထားပြီး တပ်စခန်း ပြန်လည်ဆုတ်ခွာချိန်မှာ အဲဒီမိုင်းတွေကို ရှင်းလင်းခြင်းမရှိတာကြောင့် အခုလို မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူတွေ နေ့စဥ်ရက်ဆက် သေဆုံးနေကြရကြောင်း စစ်ရေးလေ့လာသူတဦးက ဆိုပါတယ်။
“သူတို့က စစ်ကြောင်းတက်ပြီး ရောက်တဲ့နေရာမှာ စခန်းချနေထိုင်ကြတယ်။ သူတို့စခန်းချတဲ့ ပတ်လည်မှာ မိုင်းတွေထောင်ထားတယ်။ စခန်းပြန်ရုပ်သိမ်းတဲ့အချိန်မှာ ထောင်ထားတဲ့မိုင်းတွေကို မရှင်းလင်းခဲ့ကြဘူး။ ဒါကြောင့် ရခိုင်ဒေသမှာ မိုင်းနင်းမိပြီး သေဆုံးမှု၊ ကိုယ်လက်အင်္ဂါဆုံးရှုံးရမှုက တနေ့ထက်တနေ့ မြင့်လာနေတယ်။”
၂၀၂၃ ခု ဇန်နဝါရီ တလအတွင်း ရခိုင်ပြည်နယ်မှာ မိုင်းနင်းမိပြီး အရပ်သားပြည်သူ ၇ ဦးအထိ သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုအဖွဲ့အစည်းတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။