
ကရင်နီ(ကယား)ပြည်နယ်ရှိ ၄ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်တာဟာ အဲဒီမြို့နယ်တွေကို စစ်ကောင်စီအနေနဲ့ ထိန်းချုပ်လို့မရတော့ဘူးလို့ ဝန်ခံလိုက်တာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်နယ်နဲ့တိုင်း ၈ ခုရှိ တော်လှန်ရေးပြင်းထန်နေတဲ့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်တာမှာ ကရင်နီ(ကယား)ပြည်နယ်က ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ ရှားတောမြို့နယ်တို့လည်း ပါဝင်တာဖြစ်ပြီး အဲဒီနယ်တွေကို ကရင်နီပြည်တော်လှန်ရေးအဖွဲ့တွေက စိုးမိုးထားပြီလို့လည်း ကေအန်ပီပီက ပြောပါတယ်။
ကရင်နီပြည်နယ်မှာ မြို့နယ် ၇ ခုရှိတဲ့အထဲ ၄ ခုကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်တာနဲ့ပတ်သက်ပြီး ကေအန်ပီပီ အတွင်းရေးမှူး ( ၂ ) ဦးအောင်ဆန်းမြင့်က “ အဲဒါကတော့ ရှင်းပါတယ်။ စစ်ကောင်စီက (Martial Law) ထုတ်လိုက်တာက သူတို့က ထိန်းလို့မရတော့ဘူးဆိုတဲ့ အခြေအနေကို ဖော်ပြတာပဲဖြစ်တယ်လေ။ သူတို့ထုတ်ထားတဲ့ မြို့နယ်တွေကလည်း ကျနော်တို့က စိုးမိုးထားတဲ့ မြို့နယ်တွေဖြစ်နေပြီကော” လို့ ပြောပါတယ်။
လက်ရှိအဆိုပါမြို့နယ် ၄ ခုရဲ့ အုပ်ချုပ်ရေးကို ကရင်နီပြည်အစိုးရကနေ စီမံခန့်ခွဲလုပ်နေတာဖြစ်ပြီး ဘောလခဲမြို့ဟာ တပ်နယ်မြေဖြစ်ပေမယ့် မြို့အနီးတဝိုက်အထိ စိုးမိုးထားတယ်လို့လည်း ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“လက်ရှိ ကျနော်တို့ စီမံခန့်ခွဲနေတာပဲလေနော်။ ဒါပေမဲ့ အဲဒီ ၄ ခုထဲမှာ ဘောလခဲကတော့ သူတို့ရဲ့တပ်နယ်မြေဖြစ်တယ်လေ။ ဒါပေမဲ့ အဲဒီဘောလခဲရဲ့မြို့ထဲမဟုတ်ရင်တောင်မှ ဘောလခဲအနီးတဝိုက်မှာ ကျနော်တို့စိုးမိုးထားတာပဲလေ။ ဆိုတော့ အဲဒီနယ်မြေတွေကို ထပ်ပြီးတော့မှ (Martail Law)တို့ဘာတို့ ထုတ်လိုက်တာကတော့ ကျနော်တို့အတွက်၊ လူထုအတွက်ကတော့ ဘာမှပိုပြီးမှ ထူးဆန်းသွားမှာတော့မဟုတ်ပါဘူး။”
ကရင်နီလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ရဲ့ လက်ထောက်အမှုဆောင်ဒါရိုက်တာ ခူးကြူးဖဲကေး(ခ) ဂူဂူး ဒီလိုခူးကြူးဖဲကေးက ကရင်နီပြည်မြို့နယ် ၄ ခုကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တာဟာ သူတို့ အုပ်ချုပ်ရေးယန္တယား အောက်မှာမရှိတာဖြစ်သလို လူထုတွေကို တရားလက်လွတ် သတ်ခွင့်ပေးလိုက်တဲ့သဘောဖြစ်တယ်လို့ ပြောပါတယ်။
“နံပါတ်တစ် တချက်ကတော့ ကရင်နီပြည်ရဲ့ မြို့နယ် ၄ မြို့နယ်မှာ စစ်ကောင်စီက မာရှယ်လောထုတ်ပြန်လိုက်တာက သူတို့က ဒီမြို့နယ် ၄ မြို့နယ်ကို သူတို့ထိန်းလို့မရတော့ဘူး။ သူတို့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ အပြည့်အဝမရှိတော့ဘူးလို့ သူတို့ ဆိုလိုလိုက်တာပဲ။ သူတို့ဝန်ခံလိုက်တာပေါ့။ ဒုတိယအချက်က ဒီစစ်ကောင်စီက အဲဒီနယ်မြေမှာနေထိုင်တဲ့ ပြည်သူလူထုတွေကို လက်လွတ်စပယ် ပိုသတ်ခွင့်ပေးလိုက်သလိုဖြစ်တယ်။ ဆိုတော့ အဲဒါတခုကတော့ အရမ်းစိုးရိမ်ရတဲ့အနေအထားဖြစ်တယ်ပေါ့လေနော်။ ဆိုတော့ (Martail Law) ထုတ်လိုက်ရင် အဲဒီနယ်မြေဒေသမှာ သူတို့ ဖြတ်လေးဖြတ်တွေလုပ်လာနိုင်တယ်။ လူထု စားဝတ်နေရေးဒုက္ခရောက်လာနိုင်တယ်။ ကျန်းမာရေး၊ ပညာရေး အနှောင့်အယှက်တွေ ဖြစ်လာနိုင်တယ်။ ဆိုတော့ စစ်ကောင်စီကို လူသတ်လက်နက်ပေးလိုက်သလိုဖြစ်တယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့။”
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ အချိန် ၂ နှစ် ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။