DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၂၉၄၈ ဦးကို သတ်ဖြတ်၊ ၁၇၆၀၀ ကျော်ဖမ်းဆီးခံခဲ့ရဟု အေအေပီပီပြော
DVB
·
February 2, 2023
၂ နှစ်ကျော်အတွင်း စစ်တပ်က ပြည်သူ ၂၉၄၈ ဦးကို သတ်ဖြတ်၊ ၁၇၆၀၀ ကျော်ဖမ်းဆီးခံခဲ့ရဟု အေအေပီပီပြော
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်တာအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၉၄၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၆၀၄ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၇၉၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၃၀၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၇၈၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှာ နေထိုင်တဲ့ အရပ်သားတယောက်ဖြစ်သူ မစိုးရတနာဦးကို လူမှုကွန်ရက်စာမျက်နှာမှာ အသံတိတ်သပိတ်နဲ့ပတ်သက်ပြီးတော့ ရေးသားတယ်လို့ စွပ်စွဲကာ အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်မှာ ဖမ်းဆီးကာ နောက်တရက်မှာ ဇဗ္ဗူသီရိမြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့ အရပ်သားတယောက်ဖြစ်သူ ဦးလှအောင်ဟာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုကို သူ့ ရဲ့ နေအိမ်ရှေ့ထွက်ကာ ဓာတ်ပုံရိုက်နေချိန် အကြမ်းဖက်စစ်အုပ်စု လှည့်ကင်းရဲတွေနဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013