
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ စစ်ကောင်စီတပ်သား အင်အားအလုံးအရင်းနဲ့ အထိုင်ချထားတဲ့ ကျောင်းနဲ့ ရဲစခန်းကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီကျော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အထက ၁ နဲ့ ရဲစခန်းအတွင်း အထိုင်ချနေထိုင်ပြီး ၆၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု များနိုင်တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်အုပ်စုကို လုံးဝလက်မခံကြောင်း ပြည်သူတွေရဲ့ အသံတိတ်သပိတ် ပြုလုပ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲစခန်းအတွင်းရှိ လိုင်းခန်းတွေပေါ်မှာ ၆ လုံး ထိထိမိမိ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ PAFD က ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေကလည်း ည ၁၂ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ခဲ့လို့ ပြည်သူ့နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကို People's Army To Fight Dictatorship (PAFD) နဲ့ PAFD တပ်ခွဲ DK PDF (MMU)၊ People's Knight Defence Force (PKDF) (MMU)၊ D.B.B.F (MMU) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။