DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၂ နှစ်ပြည့် ထိုင်းရောက် မြန်မာများ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ
DVB
·
February 2, 2023
အာဏာသိမ်း ၂ နှစ်ပြည့် ထိုင်းရောက် မြန်မာများ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ
1 / 6
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ပြည့်အနေနဲ့ ထိုင်းရောက် မြန်မာတွေနဲ့ ရွှေ့ပြောင်း လုပ်သားတွေ စုပေါင်းပြီး မြန်မာသံရုံးနဲ့ ကုလသမ ဂ္ဂရုံးရှေ့တို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ မြန်မာလုပ်သားတွေဟာ ဘန်ကောက် မြန်မာသံရုံးရှေ့မှာ လာရောက် စုဝေးခဲ့ကြပြီး၊ မနက် ၁၀ နာရီဝန်းကျင်ကနေ နေ့လယ် ၁ နာရီ အချိန်ထိ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

ထိုင်းရောက်မြန်မာတွေ အနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ပြည်သူလူထုဆီကနေ လက်နက်နဲ့ မတရား ရယူထားတဲ့ ပြည်သူ့အာဏာကို ပြန်လွှဲပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာရွှေ့ပြောင်းလုပ်သား တစ်ဦးက "လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးက ဒီနေ့ဖြစ်ပေါ်လာတဲ့ မြင်ကွင်းကို ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ အကုန်လုံးသိအောင် ပြတာပါ။ မြန်မာပြည်သူ လူထုရဲ့ ရင်ထဲမှာ ရှိတဲ့ ဆန္ဒကို ကမ္ဘာက သိပါတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို မတရား သိမ်းထားတဲ့ မဟုတ်မမှန် လုပ်နေတဲ့ စစ်တပ်ကို အမြန်ဆုံး ဖြုတ်ချပေးဖို့ တောင်းဆိုပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြသူတွေကို ထိုင်းအာဏာပိုင် ရဲတွေက ပိတ်ပင်တားဆီးတာမျိုး၊ ဖမ်းဆီးတာမျိုး ပြုလုပ်တာ မတွေ့ရဘဲ လမ်းတလျှောက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင်သာ တာဝန်ယူခဲ့ပြီး မြန်မာလုပ်သားတွေရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆန္ဒပြ မြန်မာလုပ်သားတွေက ပြောပါတယ်။

ဘန်ကောက်မြန်မာ သံရုံးရှေ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာ အမျိုးသမီးတစ်ဦးက "ကျမတို့ ယုံကြည်ချက်ကတော့ မနိုင်မချင်းကို တိုက်မယ်။ ထောက်ပံ့မှုတွေ ပေးမယ်။ ရှိသမျှ လစာ ၂ ပုံ၊ ၃ ပုံလောက်ကနေ ကျမတို့ ထောက်ပံ့မယ်။ ဒီနေ့ ဆန္ဒပြပွဲမှာဆို ဘာအဖမ်းအဆီးမှ မရှိဘူး။ ရန်ဖြစ်ပွဲတွေလည်း မရှိဘူး။ အားလုံး ညီညွှတ်ကြတယ်။ လုံခြုံရေးလည်း အပြည့်အဝ တာဝန်ယူပေးတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်ပရောက် မြန်မာတွေဟာ မိမိတို့ ရောက်ရှိရာ နိုင်ငံ အသီးသီးရဲ့ သက်ဆိုင်ရာ မြန်မာသံရုံးနဲ့ ကုလသမဂ္ဂရုံးတွေရှေ့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပြီး၊ မြန်မာလုပ်သား အများဆုံး ရှိတဲ့ ထိုင်းနိုင်ငံမှာတော့ မြန်မာတွေ ညီညီညွှတ်ညွှတ်နဲ့ စုပေါင်း ဆန္ဒပြခဲ့ကြတာပါ။

"ဒီနေ့ဒီအချိန်ထိ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီလူတွေနဲ့ သက်သေပါပဲ။ ကျနော်တို့ ကိုယ်တိုင် ဒီလို ဆန္ဒပြတယ်ဆိုတာ စစ်အာဏာရှင် တော်လှန်ဖို့ အတွက်ပဲ မဟုတ်ဘဲ ဖမ်းဆီးထားတဲ့ ခေါင်းဆောင် အမေစုနဲ့ အကုန်လုံးကို လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်။ မအလကို မကြိုက်လို့ တော်လှန်တာ ဒီလုပ်ကို ဘယ်တော့မှ လက်မလျှော့ဘူး။ နေ့ရှိညရှိသရွေ့ အာဏာရှင်ကို ဆက်လက် တော်လှန်သွားမှာ ဖြစ်ပါတယ်"လို့ ဆန္ဒပြ မြန်မာ လူငယ်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြပွဲမှာ ထိုင်းရောက် မြန်မာတွေနဲ့အတူ ထိုင်းနိုင်ငံက တက်ကြွ လှုပ်ရှားသူတွေလည်း ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေ စုပေါင်းလုပ်ဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို အမြန်ဆုံး လွှတ်ပေးဖို့ စတဲ့ အိတ်ဖွင့် စာတစောင်ကိုလည်း ဆန္ဒပြသူတွေက ထိုင်းနိုင်ငံ၊ ကုလသမဂ္ဂရုံးကို ပေးအပ်ခဲ့ပါတယ်။

"၂ နှစ်ကာလမှာ စစ်အုပ်စုက အကြမ်းဖက် နည်းမျိုးစုံနဲ့ ပြည်သူတွေ ဒုက္ခတွေ ရောက်နေတယ်။ ၂ နှစ်ကာလအတွင်းမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေလည်း အများကြီး ရှိတယ်။ ကျနော်တို့က တော်လှန်ရေးကို ဆက်လက် လုပ်သွားမှာပါ။ ၂ နှစ်သာ ပြည့်လာတယ်။ နိုင်ငံတကာက ထိထိရောက်ရောက် ဘာမှ အကူညီ မပေးနိုင်ဘူး။ ဒါကြောင့် ထိရောက်တဲ့ မက်ဆေ့ တခု ပေးနိုင်အောင် UN အပါအဝင် နိုင်ငံတကာ ကူညီပေးနိုင်အောင် ချပြတာပါ"လို့ UN ရုံးရှေ့ ဆန္ဒပြသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်အနေနဲ့ တနိုင်ငံလုံးနီးပါး အသံတိတ်သပိတ် (Silent Strike) ကို ဆင်နွှဲခဲ့ကြပြီး၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ မြို့ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ကြတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း Data for Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်တပ်က ဆန္ဒပြပြည်သူတွေကို မတရား ဖမ်းဆီး၊ အကြမ်းဖက် နှိပ်စက် သတ်ဖြတ်မှုတွေ ပြုလုပ်နေပေမယ့် အာဏာသိမ်း ၂ နှစ်ပြည့်ကာလအထိ ပြည်သူတွေဟာ သွေးမအေးဘဲ စစ်အာဏာရှင်ကို နည်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန်နေကြပါတယ်။

(ZT)

ဓာတ်ပုံ - ကျော်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013