DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC တို့ ငြိမ်းချမ်းရေးနိုဘယ်ဆု အမည်စာရင်းသွင်းခံရ
DVB
·
February 2, 2023
သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUCC တို့ ငြိမ်းချမ်းရေးနိုဘယ်ဆု အမည်စာရင်းသွင်းခံရ
1 / 2
Donate to DVB

နော်ဝေနိုင်ငံအခြေစိုက် ငြိမ်းချမ်းရေး သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ Peace Research Institute Oslo (PRIO) က ၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုစာရင်း အမည်စာရင်းတင်သွင်းရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ ပါဝင်လာပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က တင်သွင်းတဲ့ ဆန်ကာတင်လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၅ ခု စာရင်းထဲမှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUCC တို့နဲ့အတူ အီရန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၂ ယောက် ဖြစ်တဲ့ နာဂိစ်မိုဟမ်မဒီနဲ့ မာဟ်ဘူဘာဆာရာဂျ်၊ ဖိလစ်ပိုင်နဲ့ အီကွေဒေါနိုင်ငံတွေက ဌာနေတိုင်းရင်းသားအခွင့်အရေး ဆောင်ရွက်နေသူတွေဖြစ်ကြတဲ့ ဗစ်တိုးရီးယားတာအူလီကော်ပတ်ဇ်နဲ့ ယန်းကားလို့စ်ဂျင်တီရာချ် တို့ကို ပူးတွဲတင်သွင်းထားပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)၊ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေ သုတေသနပြု အဖွဲ့အစည်းတခုဖြစ်တဲ့ Human Rights Data Analysis Group (HRDAG) အဖွဲ့တွေ ပါဝင်နေတာပါ။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်သုံးချောင်းထောင်ပုံရိပ်နဲ့အတူ ပြည်တွင်းမှာရော၊ နိုင်ငံတကာစာမျက်နှာတွေပေါ် ထင်ရှားခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၆ ရက်မှာ နယူးယောက်မြို့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရအတွက် ကိုယ်စားပြု ပြောဆိုခဲ့သူ ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သူ့ကို နိုင်ငံအပေါ် သစ္စာဖောက်မှုနဲ့ ရာထူးကနေ ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ စစ်ကောင်စီကို မြန်မာနိုင်ငံအစိုးရသစ်အဖြစ် အသိအမှတ်မပြုဘဲ ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံ သံအမတ်အဖြစ် ဆက်လက်ရှိနေကြောင်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဦးကျော်မိုးထွန်းဟာ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုနေပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြီးတော့ ပါဝင်နေတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဖက်ဒရယ်နိုင်ငံ ဖြစ်လာစေဖို့ အားလုံးပါဝင်တဲ့ အဖွဲ့တဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ရွေးချယ်ခံရသူကိုတော့ နော်ဝေနိုင်ငံအခြေစိုက် နိုဘယ်ဆုရွေးချယ်ရေးကော်မတီက နှစ်စဉ် အောက်တိုဘာလမှာ ကြေညာလေ့ရှိပြီး ဆုချီးမြှင့်ပွဲကိုတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုဟာ လူသားမျိုးနွယ်အတွက် အကြီးမားဆုံးသော အကျိုးကို ဆောင်ခဲ့ကြသူတွေကို အသိအမှတ်ပြုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာစစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်တဲ့ နွေဦးတော်လှန်ရေးမှာ အဓိက နေရာက ပါဝင်နေတဲ့  အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM - Civil Disobedience Movement) ကိုလည်း  နော်ဝေနိုင်ငံအော်စလိုတက္ကသိုလ်မှ ပါမောက္ခ ၆ ဦးက  ၂၀၂၃ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013