DVB Logo
Home
မြန်မာသတင်း
မြန်မာလူထုဘက်က ရပ်တည်မည်ဟု ပြင်သစ်အစိုးရပြော၊ ပြင်သစ်လွှတ်တော်အမတ်များနှင့် NUG တွေ့ဆုံဆွေးနွေး
DVB
·
February 2, 2023
မြန်မာလူထုဘက်က ရပ်တည်မည်ဟု ပြင်သစ်အစိုးရပြော၊ ပြင်သစ်လွှတ်တော်အမတ်များနှင့် NUG တွေ့ဆုံဆွေးနွေး
1 / 3
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးတိုက်ပွဲမှာ ပြင်သစ်နိုင်ငံက မြန်မာပြည်သူလူထုဘက်က ရပ်တည်နေတယ်လို့ ပြင်သစ်အစိုးရအဖွဲ့ ဥရောပနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ကက်သရင်း ကိုလိုနာက ပြောတဲ့အကြောင်း   ရန်ကုန်ရှိ ပြင်သစ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာပြည်သူလူထုက လွတ်လပ်စွာရွေးချယ် ရွေးကောက်တင်မြှောက်ထားခဲ့တဲ့ အစိုးရကို ရက်စက်ကြမ်းတမ်းစွာဖြုတ်ချပြီးတော့ စစ်တပ်က အာဏာသိမ်းခဲ့တာ ၂ နှစ်ကြာပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်ထူထောင်ရေး တိုက်ပွဲမှာ ပြည်သူလူထုဘက်က  ရပ်တည်နေတယ်လို့ ပြင်သစ်က ပြောလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက မတရားဖမ်းဆီးထိန်းသိမ်းထားပြီး ထပ်တိုးထောင်ဒဏ်တွေ ချမှတ်နေတဲ့အပေါ်လည်း ပြင်သစ်နိုင်ငံဟာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပြီး ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအပေါ် သိက္ခာချဖို့ ရည်ရွယ်တဲ့မတရားတဲ့ တရားစီရင်မှုတွေဖြစ်ပြီး ဒီစီရင်ချက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ပြတ်ပြတ်သားသား ထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ဆန္ဒကို မထီမဲ့မြင်ပြုခြင်းရဲ့ နောက်ထပ် အရိပ်အယောင်တခု ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

ဒါ့အပြင် ဒီမိုကရက်တစ် အတိုက်အခံတွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သမိုင်းဝင် နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့လည်း ပြင်သစ်နိုင်ငံရဲ့ ကတိကဝတ်ကို ထပ် လောင်း ပြောကြားထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ တောင်းဆိုခဲ့တဲ့အတိုင်း မြန်မာစစ်အုပ်စု လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင့်ထက်စီးနင်း ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ပြင်သစ်နိုင်ငံက ထပ်မံတောင်းဆိုထားပြီး ပြင်သစ်နိုင်ငံအနေနဲ့ အာဆီယံရဲ့ အထူးသံတမန်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနက မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ပြင်သစ်နိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁ ရက်က ပြင်သစ်အောက်လွှတ်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ NUG လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အတူ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ နိုင်ငံခြားရေး၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်နန်းဆုမွန်အောင်၊ ကိုယ်စားလှယ်ရုံးအဖွဲ့၀င် မေရော်ဘင်တို့ ပါဝင်ခဲ့ကြပြီး ပြင်သစ်-မြန်မာချစ်ကြည်ရေးအဖွဲ့မှ ဥက္ကဋ္ဌ အောက်လွှတ်တော်အမတ် အလန်ဒေးဗစ်နဲ့ အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ NUG က ထုတ်ပြန်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ စစ်အုပ်စုက ပြုလုပ်မယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြင်သစ်လွှတ်တော်၊ ပြင်သစ်အစိုးရနဲ့ နိုင်ငံတကာကပါ ကန့်ကွက်ပေးဖို့ NUG အစိုးရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ပြင်သစ်အောက်လွှတ်တော်တို့ တရားဝင်တွေ့ဆုံချိတ်ဆက်လုပ်ဆောင်နိုင်ရေးစတာတွေကို တင်ပြခဲ့ပြီး ဆက်လက် လုပ်ဆောင်မယ့် လမ်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့နွေဦးတော်လှန်ရေး တိုးတက်မှုအခြေအနေတွေ၊ အစိုးရရဲ့ လမ်းပြမြေပုံအပါအ၀င် မြန်မာလူထုရဲ့ နွေဦးတော်လှန်ရေးမှာ အရေးကြီးပါ၀င်နေမှုတွေကိုလည်း NUG ဝန်ကြီးတွေက ရှင်းလင်းပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုကတော့ ပြီးခဲ့တဲ့  ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးရဲ့ ထောက်ခံချက်နဲ့ နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်ပြီး တရားမဝင် ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013