Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်က ရွာသား ၁ ဦးကို လည်ပင်းဓားဖြင့်လှီးပြီး သတ်ဖြတ်
DVB
·
February 2, 2023

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီကျေးအုပ်စု၊ တနန်းဥကွိုင်ကျေးရွာက အသက် ၃၃ နှစ်အရွယ် ဦးဆေးဗျားထာကို ဇန်နဝါရီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ကာ လည်ပင်းကိုလည်း ဓားနဲ့လှီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ဦးဆေးဗျားထာက သူအိမ်ကို ပြန်ပြီး ပစ္စည်းသွားယူတာ ရွာပြန်လမ်းမှာ စစ်တပ်က သေနတ်နဲ့ ပစ်ပြီး လည်ပင်းကို ဓားနဲ့လှီးပြီး သတ်သွားတယ်။ ရုပ်အလောင်းကို လမ်းဘေးမှာပဲ ထားပစ်ခဲ့တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးဆေးဗျားထာရဲ့ ရုပ်အလောင်းကို KA ကရင်နီတပ်၊ KNDF နဲ့ ဒီးမော့ဆို PDF တပ်တွေက ဖေဖော်ဝါရီ ၁ ရက်က နယ်မြေ ရှင်းလင်းရေးလုပ်စဉ်တွေ့ရှိလို့ ကောက်ယူမြုပ်နှံပေးခဲ့ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ရွာသားအလောင်းကို ခရစ်ယာန်ထုံးတမ်းအတိုင်း မြေမြုပ်ပေးခဲ့ပါတယ်။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာနဲ့ လည်ပင်းမှာ ဓားနဲ့လှီးထားတာကို တွေ့ရပါတယ်”လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၃၀၀၀ နီးပါးရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024