DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကောင်စီက လိုရာဆွဲယူပြီး အာဏာဆက်လုထားဟု ဥပဒေပညာရှင်များ ဝေဖန်
DVB
·
February 2, 2023
ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်ကောင်စီက လိုရာဆွဲယူပြီး အာဏာဆက်လုထားဟု ဥပဒေပညာရှင်များ ဝေဖန်
Donate to DVB

လူထုဆန္ဒနဲ့အညီ ဖျက်သိမ်းပြီးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က လိုရာဆွဲပြီး နိုင်ငံတော်အာဏာကို ဆက်လက် လုယူနေတယ်လို့ ဥပဒေပညာရှင်တွေနဲ့နိုင်ငံရေးအသိုင်း အဝိုင်းက ပြောကြားလိုက်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက် တရားမဝင် အာဏာသိမ်းယူခဲ့ပြီး ၂ နှစ်ပြည့်တဲ့အခါမှာလည်း အဲဒီဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်လည်လွှဲ‌ပြောင်းမပေးဘဲ ဥပဒေကို လိုရာဆွဲပြီး နောက်ထပ် သက်တမ်း ၆ လ ထပ်မံတိုးယူခဲ့တဲ့အပေါ်အခုလို ပြောဆိုကြတာပါ။

ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့် “ခြေဥ ပုဒ်မ ၄၂၅ ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ သူတို့ကလိမ်ဆင်တွေနဲ့ထည့်ပြီး မိတ်ကပ်လုပ်သွားတာ။ သာမန်အားဖြင့် ၆ လ တကြိမ်၊ ၆ လ တကြိမ်အထိ တိုးနိုင်တယ်ဆိုတာက မတိုးလည်း ရတယ်လို့ အဓိပ္ပာယ်ကောက်ယူလို့ရတယ်။ ကိုယ် ကြိုက်သလို လျှောက်ပြောလို့မရဘူး။ ၄၂၅ ကို ဖွင့်ဆိုတဲ့နေရာမှာ နိုင်ငံတကာ လူရိုသေ ရှင်ရိုသေ ပြည်တွင်း ပြည်ပ လေးစားလောက်တဲ့ ဖွင့်ဆိုချက်မျိုးမဟုတ်ဘဲ လိုသလို၊ ထိုင်းနိုင်ငံက ဖွဲ့စည်းပုံအတိုင်းလုပ်သွားတယ်။ မြန်မာပြည်မှာကတော့ စစ်တပ် ခိုင်းတာကို လုပ်ပေးရတဲ့ တရားဥပဒေပဲရှိတယ် ဆိုတာ ပိုထင်ရှားတာပေါ့။”  

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိပေမဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့ တင်ပြချက်အရ ရာခိုင်နှုန်းအပြည့် တည်ငြိမ်အေးချမ်းတဲ့ မြို့နယ် ၁၉၈ မြို့နယ်ပဲရှိတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။ 

လုံခြုံရေးအလေးထားဆောင်ရွက်ရမယ့် မြို့နယ်က ၆၇ မြို့နယ်ရှိပြီး လုံခြုံရေးထိထိရောက်ရောက်  ဆောင်ရွက်ပေးဖို့လိုတဲ့ မြို့နယ်က ၆၅ မြို့နယ်ရှိတယ်လို့ဆိုပါတယ်။ 

ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ဖို့ နိုင်ငံတည်ငြိမ်ရေး ထပ်မံဆောင်ရွက်ဖို့ လိုအပ်တဲ့အပြင် သာမန်အခြေအနေမျိုးမှာ ရှိမနေတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ ၆ လ တစ်ကြိမ် အနည်းဆုံးထပ်မံတိုးပေးဖို့ စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်ရဲ့ တင်ပြချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဥပဒေနဲ့ ညီညွတ်မှုရှိတယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် စစ်ခေါင်းဆောင်ကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက နောက်ထပ် သက်တမ်း ၆ လတိုးပေးခဲ့တာလို့လည်း စစ်ကောင်စီက ဝါဒဖြန့်ထားပါတယ်။

ဥပဒေကို စစ်ကောင်စီကလိုရာဆွဲပြီး ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာမယ့် အကျပ်အတည်းအားလုံးဟာ နိုင်ငံရေးအရ အကျပ်အတည်းမဟုတ်တော့ဘဲ စစ်တပ်က အာဏာရယူလိုမှုကြောင့် သူ့ဘာသာဖြစ်နေတဲ့ အကျပ်အတည်းလို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက “ဖွဲ့စည်းပုံကိုယ်နှိုက်က တရားတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။ စစ်အာဏာရှင်တွေ ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ။ ဒီမိုကရေစီအင်အားစုတွေကိုလည်း ပါဝင်ဆွေးနွေးလို့မရအောင် သူတို့ဉာဏ်နီဉာဏ်နက်နဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အချိန်ယူပြီးတော့ ဆွဲထားတဲ့ ဖွဲ့စည်းပုံထဲမှာ  အဲဒီလို မြှုပ်ကွက်တွေတော့ အများကြီး။ တကယ့် ဖွဲ့စည်းပုံအင်္ဂါရပ်နဲ့တော့ မညီဘူး။ သူတို့ သက်သက်လုပ်ကြံပြီး လိုသလို လုပ်နိုင်အောင် အကာအရံ အတားအဆီးတွေ မြှုပ်ကွက်တွေ ထည့်ထားတာ။ စစ်တပ်က တလပြီး တလ၊ တနှစ်ပြီး တနှစ် အဲဒီလိုအချိန်ဆွဲနိုင်အောင် လုပ်ခဲ့တဲ့ ဖွဲ့စည်းပုံဟာ တရားသဖြင့် ဖြစ်ရဲ့လား၊ ပြည်သူလူထုဘက်က ရပ်တည်ရဲ့လား၊ စစ်တပ်ဘက်က ရပ်တာလား။ အဲဒီလိုမေးခွန်းတွေတော့ အများကြီးထုတ်စရာ ရှိတာပေါ့။”

အာဏာသိမ်းစစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်နဲ့ သာမန် အခြေအနေအပေါ်မှာ နောက်ထပ်သက်တမ်း ၆ လထပ်မံတိုးသွားလိုက်တာဖြစ်ပြီး အဲဒီသက်တမ်း ပြည့်လို့မှ တိုင်းပြည်တည်ငြိမ်မှု မရှိသေးရင် နောက်ထပ် ၆ လ သက်တမ်း တိုးလို့ရတဲ့ အခြေအနေဖြစ်သွားတယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကပြောပါတယ်။ 

“ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် တည်ငြိမ်တဲ့အနေအထားရှိမှ ကျင်းပပေးနိုင်မှာ။ မတည်ငြိမ်တဲ့ မြို့နယ်တွေရှိလို့ ထပ်ပြီး ၆ လတိုးတယ်ဆိုတဲ့အခါမှာ တိုးလိုက်တဲ့ အကြောင်းရင်းသည် မတည်ငြိမ်ပါဘူးလို့ ပြတဲ့ မြို့နယ် ၆၅ ရှိမှာလား၊ ၈၅ ရှိမှာလား၊ အဲဒီမြို့နယ်တွေကို ဖိဖိစီးစီးလုပ်ရမယ့်တာဝန် ပါလာတာပေါ့။ အဲဒီအခါမှာ သူ့ရဲ့အစိုးရအဖွဲ့ အပြောင်းအလဲနဲ့ ၊ SAC အပြောင်းအလဲရှိရင် ပိုသိနိုင်တယ်။”

၆ လ သက်တမ်းထပ်မံတိုးယူလိုက်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ သူ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဒုတိယဝန်ကြီးချုပ် ၅ ဦးအထိ တိုးချဲ့ခန့်အပ်ပြီး ပြင်ဆင်ဖွဲ့စည်းတာ စစ်ကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ကို ပြင်ဆင်ဖွဲ့ စည်းတာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြောင်းလဲခန့်အပ်တာတွေကိုလုပ်ဆောင်ခဲ့ပါ တယ်။

အာဏာသိမ်းစစ်ကောင်စီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောဆိုပေမယ့် လူထုကရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းလိုက်ပြီလို့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က ကြေညာခဲ့ပြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013