
စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ကျည်ထိမှန်ပြီး ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ပင်ဝန်းကျေးရွာကနေ တံတားဦးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်လို့ အခုလို သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့က ကျေးရွာထဲက ရပ်ကျေး ပ.အ.ဖ အိမ်ကို ဝင်ဖမ်းတာ။ လူမတွေ့လို့ဆိုပြီး ရွာထဲကို သေနတ်တွေနဲ့ နင်းကန်ပစ်တာရှင့်။ အဲဒီလိုပစ်လို့ အပြင်မှာ ကျူရှင်သင်နေတဲ့အိမ်က ၅ နှစ်အရွယ် ကလေးမလေး ကျည်ထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျည်က ခန္ဓာကိုယ် နောက်ကျောကနေ ဖောက်မှန်ပြီး သေတာ။ နောက်ထပ် ကလေးငယ်တဦးလည်း ကျည်ထိမှန်ထားတယ်။ အခြအနေကတော့ အတော်ဆိုးတယ်” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အင်အား ၄၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ လက်ရှိအချိန်မှာ တံတားဦးရွာကနေ ညောင်ပင်ဝန်းကျေးရွာကို ပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ မနွယ်နွယ်ကိုအား PDF နဲ့ ဆက်သွယ်ဖူးတယ်ဆိုပြီး ဇန်နဝါရီ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဒီနေ့အထိ အဆက်အသွယ်မရတာကြောင့် မိသားစုတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဟိုးအရင်ကတော့ PDF နဲ့ဆက်သွယ်တာ ရှိခဲ့ဖူးတယ်။ အခု အလှပြင်ဆိုင်ဖွင့်ပြီး အေးဆေး စီးပွားရေးလုပ်ငန်း လုပ်နေတာ တနှစ်ကျော်ပြီ။ အဲ့ဒါကို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး အလှကုန်ပစ္စည်း ဝယ်နေတုန်း ဖမ်းသွားတာ၊ ခုချိန်ထိ ဘယ်နေရာမှာ ဖမ်းထားတယ်ဆိုတာ အဆက်အသွယ် မရသေးဘူး” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အင်းတော်မြို့မဈေးမှာ ဈေးရောင်းချနေသူ အမျိုးသမီး လေးဦးကို PDF နဲ့ ဆက်သွယ်ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။