Home
မြန်မာသတင်း
CDM ဆင်များနှင့် ဆင်ဦးစီးများအတွက် “တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းပြုလုပ်
DVB
·
February 2, 2023

အလောင်းတော်ကဿပက CDM ဆင်တွေနဲ့ ဆင်ဦးစီးတွေ အပါအဝင် တခြားဒေသမှာရှိတဲ့ CDM ဆင်တွေနဲ့ ဆင်ဦးစီးတွေအတွက် ရည်ရွယ်ပြီး ရန်ပုံငွေရရှိအောင်လို့ “တော်လှန်တပ်သား မိုမိုလေးများ - Elephants in Revolution” ကမ်ပိန်းကို ပြုလုပ်နေပြီလို့ ပွဲစီစဉ်သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်ကနေ ဒီနေ့အချိန်ထိ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပြည်သူ့ဝန်ထမ်းတွေနဲ့အတူ ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ဆင်လေးတွေဟာ ကာလရှည်ကြာလာတာနဲ့အတူ ဆင်ဝန်ထမ်းတွေနဲ့ ဆင်လေးတွေရဲ့ စားဝတ်နေရေး ကျန်းမာရေးစောင့်ရှောက်မှုတွေကလည်း ခက်ခဲလာလို့ အခုလို ရည်ရွယ်ပြုလုပ်တာလို့ ဆိုပါတယ်။

အခုကမ်ပိန်းမှာ ကံစမ်းမဲလက်မှတ်တွေကို ရောင်းချသွားမှာဖြစ်ပြီး ကမ်ပိန်းကနေရရှိတဲ့ ရန်ပုံငွေတွေကို NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဆင်ဝန်ထမ်း CDM တွေနဲ့ CDM ဆင်ကလေးများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

ကံစမ်းမဲလက်မှတ်တစောင်ကို မြန်မာငွေ ၁၅,၀၀၀ နဲ့ ကံစမ်းနိုင်ပြီး ရွှေထည် ငွေထည်နဲ့ ပန်ချီကား အနုပညာပစ္စည်းတွေကို မဲဖောက်ပေးသွားမှာဖြစ်ကာ လက်မှတ်အစောင်ရေ ၃,၀၀၀ ရောင်းချနိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှာရှိတဲ့ ဆင်ဦးစီးနဲ့ ဆင်တွေအားလုံး CDM ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဆင်တွေအားလုံးကို ဘေးကင်းတဲ့ လွတ်မြောက်နယ်မြေတွေမှာ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့လည်း ဆင်ဦးစီးတယောက်က ပြောပါတယ်။

အလောင်းတော်ကဿပနယ်မြေမှာ CDM ဆင် ၃၆ ကောင်နဲ့ CDM ဆင်ဦးစီး အပါအဝင် အိမ်ထောင်စု ၃၂ စု လူဦးရေ ၁၁၇ ဦးရှိတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024