
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်တာအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂၉၅၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၅၉၈ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၇၈၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၂၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၁ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၇၈၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီးတယောက်ဖြစ်တဲ့ မ ခိုင်ဇင်နွယ်မှာ ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာတင် သေဆုံးသွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၃၀ ရက်ည ၈ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာ ရွာခံ ပျူစောထီးနဲ့ စစ်သားတွေက ဒေသခံရွာသား ၃ ယောက်ဖြစ်ကြတဲ့ ကိုဇော်နိုင်၊ ကိုကျော်မင်းစိုးနဲ့ ကိုရှစ်ဗို့တို့ကို မေးမြန်းဖို့ ရှိတယ်ဆိုကာ ဖမ်းဆီးခဲ့ပြီး နောက်တရက် ဇန်နဝါရီ ၃၁ ရက်မှာ ကိုကျော်မင်းစိုးရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေကို လာရောက် ယူဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ကျန်ဒေသခံ ၂ ယောက်ရဲ့ အခြေအနေကို သိရှိရခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။