DVB Logo
Home
မြန်မာသတင်း
နယူးယောက် ကုလသမဂ္ဂအဆောက်အဦတွင် မြန်မာပြည်အရေး ပရိုဂျက်တာထိုးပြီး ကန့်ကွက်တောင်းဆို
DVB
·
February 2, 2023
နယူးယောက် ကုလသမဂ္ဂအဆောက်အဦတွင် မြန်မာပြည်အရေး ပရိုဂျက်တာထိုးပြီး ကန့်ကွက်တောင်းဆို
1 / 16
Donate to DVB

မြန်မာအာဏာသိမ်းစစ်အစိုးရ တရားဝင် မဖြစ်စေရေး တားဆီးပေးဖို့  နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် အဆောက်အဦနံရံထက်မှာ အမည်မဖော်လိုတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ပရိုဂျက်တာစလိုက်မီးနဲ့ထိုးပြပြီး တောင်းဆိုတဲ့ လှုပ်ရှားမှုကို ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁ ရက် ညနေ ၆  နာရီဝန်းကျင်မှာ ပြုလုပ်ခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စစ်တပ်က  အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချပြီး နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့တာ ၂ နှစ်ပြည့်တဲ့အထိမ်းအမှတ် မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာကသိရှိအောင်နဲ့ ကုလသမဂ္ဂက အရေးယူလာအောင်  အခုလိုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာလို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ကုလသမဂ္ဂ အဆောက်အဦနံရံမှာ အများမြင်သာစေတဲ့ စာတန်းတွေနဲ့ ဖေါ်ပြတောင်းဆိုထားတဲ့ အဲဒီပရိုဂျက်တာ ဒီဇိုင်းပုံရိပ်တွေထဲမှာတော့ အာဏာသိမ်း ၂ နှစ်တာအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၂၈၉၄ ဦးသေဆုံး၊ နေအိမ်ပေါင်း ၃၄၀၀၀ လုံး ပျက်စီးဆုံးရှုံး၊ လူပေါင်း ၁ သန်းခွဲ အိုးအိမ်စွန့်ခွာရ ၊ စစ်တပ်ကို တရားဝင်အောင်လုပ်နေတာ ရပ်တန့်ပါ၊ NUG အစိုးရကိုအသိအမှတ်ပြု၊ လက်နက်နဲ့လေယာဉ်ဆီထောက်ပံ့မှုရပ်၊ အရပ်သားတွေကို ကာကွယ်ပါ၊ ယူအန်ကို ကမ္ဘာကစောင့်ကြည့်နေတယ်စတဲ့ စာသားတွေပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ထိခိုက်ခံစားရဆုံးဖြစ်နေတဲ့အကြောင်း အမျိုးသမီးနဲ့ ကလေး ၄၁၄၆ အပါအဝင် လူပေါင်း ၁၇၄၉၂ ဦး ဖမ်းဆီးခံရ၊  ဒါဇင်နဲ့ချီ ညှဉ်းပန်းနှိပ်စက်ခံရသေဆုံးခဲ့ကာ လူပေါင်း ၁၀၁ ဦးသေဒဏ်ပေးခံရပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၄ ဦး ကွပ်မျက်ခံရတယ်လို့လည်းဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ စစ်ရာဇဝတ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ ကုလပဋိညာဉ်ကိုချိုးဖေါက်နေတဲ့ စစ်အစိုးရကို အသိအမှတ်ပြုဆက်ဆံနေတာတွေ ရပ်တန့်ဖို့အပြင် လုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) က အရေးယူဖို့ သတိပေးတဲ့အနေနဲ့အခုလို ပရိုဂျက်တာလှုပ်ရှားမှုလုပ်ရတာလို့ ဒီလှုပ်ရှားမှုလုပ်ဆောင်သူတွေက ထုတ်ပြန်ပြောပါတယ်။​

နယူးယောက်မြို့ခံမြန်မာတဦးက “ ဒါမျိုးကအရင်တုန်းကလည်းမရှိခဲ့ဖူး ပထမဆုံးတွေ့ဖူးတာပါ၊ ကုလသမဂ္ဂရုံးချုပ်ကို စလိုက်ထိုးပြီး မြန်မာပြည်နဲ့ ပတ်သက်တာတွေတောင်းဆိုတာ အရမ်းကို အရေးပါ အရာရောက်တယ်လို့ထင်ပါတယ်။ ဘယ်သူထိုးလဲမသိဘူးခင်ဗျ၊ ဘယ်ကထိုးနေလဲဆိုတာလည်းမသိပါဘူး၊ အဆောက်အဦးမှာ မြန်မာပြည်နဲ့ ပတ်သက်လို့ စာတွေ ရေးထားတာကိုတွေ့တာပါ ”လို့ပြောပါတယ်။

လမ်းသွားလမ်းလာ မြန်မာအမျိုးသမီးတဦးကလည်း “ကျမလည်း လမ်းသွားလမ်းလာလုပ်ရင်းနဲ့ မြန်မာပြည်ရဲ့ လက်သုံးချောင်းလေးတွေ့လိုက်တော့ ဘာလဲဆိုပြီး ကျမက ကြည့်လိုက်တယ်၊ ကြည့်လိုက်တဲ့အခါမှာ ထိုးသွားတဲ့ စာတန်းတွေရော တောင်းဆိုတာရော ဘယ်အဖွဲ့အစည်းပဲလုပ်လုပ် အင်မတန်ကောင်းမွန်တဲ့လုပ်ရပ်လို့ မြင်ပါတယ်။ ထိရောက်မယ်လို့လည်း ကျမထင်ပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ဘေးရှောင် ပြည်သူလူထု ၁ သန်းခွဲလောက်ကို နယ်စပ်ဖြတ်ကျော်ကူညီမှုတွေပေးဖို့ အရပ်သားပြည်သူလူထုကို ကုလသမဂ္ဂအနေနဲ့အကာအကွယ်ပေးဖို့၊ လူထုရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ကုလသမဂ္ဂအဖွဲ့က အသိအမှတ်ပြုဖို့နဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ပြစ်တင်ရှုတ်ချဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေက စစ်အစိုးရနဲ့ ပုံမှန်တွေ့ဆုံနေတာဟာ သူတို့ကို တရားဝင်မှုဖြစ်စေသလို သူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို ခွင့်လွှတ်ရာရောက်တယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013