
မကွေးတိုင်း၊ ဆောမြို့နယ်ထဲမှာ ဇန်နဝါရီ ၃၁ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မိုင်းဆွဲ၊ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၉ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံ PDF တပ်ဖွဲ့တခုရဲ့ တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၅၅၊ ၁၁ နဲ့ ၁၀၁ တို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းဟာ ဆောမြို့နယ်၊ ကွမ်းခင်းရွာကို မနေ့ မနက်အစောပိုင်းက ရောက်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ကြတာပါ။
ယောဒေသ ဒရုန်းနဲ့ လက်နက်နည်းပညာတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးက “အပြန်အလှန် သူချ ကိုယ်ချ ချပြီး စခ ၁၉ ကောင် ငရဲရောက်တယ်။ ရွာအဝင်မှာ မိုင်းဆွဲတယ်။ ရွာထဲမှာ ဒီနေ့မနက် ၆ နာရီမှာ ပစ်ကြတယ်။ ၂ ကောင် အပြင်းအထန် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းမှာ အင်အား ၇၅ ယောက်လောက်ပါပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေ ဖြစ်ကြတဲ့ ရိုးမပျောက်ကြားတပ်ဖွဲ့၊ ဂန့်ဂေါခရိုင်အမှတ် ၅ တပ်ရင်း၊ အမှတ် ၆ တပ်ရင်း၊ သိမ်းငှက်နက် ပြောက်ကျားတပ်ဖွဲ့၊ ညောင်ရမ်းတပ်ဖွဲ့၊ ညောင်ကန်၊ ငှက်ချောင်နဲ့ ကျောက်ထုက တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
တိုက်ပွဲကြောင့် အနီးအနားက ဒေသခံရွာသားတွေ ဘေးလွတ်ရာပြေးနေကြရပြီး စစ်ကောင်စီတပ်တွေကတော့ ဒေသအခေါ် ခရိုတောင်ဘက်ကိုထွက်သွားတယ်လို့ သိရပါတယ်။