
စစ်ကောင်စီအနေနဲ့ မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်နေမှုတွေ ရပ်တန့်သွားမှာမမြင်ရတဲ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချထားပြီး ရွေးကောက်ပွဲလုပ်မယ့်ကိစ္စကို စိုးရိမ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တခေးအိ ရွှန်းစုခေးက ပြောကြားလိုက်ပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက် ဒီမနက်က တိုကျိုမြို့ ဂျပန်လွှတ်တော်အမတ်များရုံးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဂျပန်ကိုယ်လှယ်ရုံးက ဦးစီးကျင်းပတဲ့ မြန်မာ့အရေးကြားနာပွဲမှာ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီး တက်ရောက်အမှာစကားပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီထံ ဂျပန်အစိုးရအနေနဲ့ အစဉ်တစိုက်တောင်းကြောင်းနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ တောင်းဆိုမှုတွေကို သဘောတူထောက်ခံတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ ဂျပန်အစိုးရထံသို့ တောင်းဆိုချက်တွေကို လက်မှတ်ရေးထိုး ထောက်ခံထားတဲ့ တောင်းဆိုလွှာကိုလည်း ဂျပန်အစိုးရကိုယ်စား ဒုတိယဝန်ကြီး တခေးအိ ရွှန်းစုခေးက လက်ခံယူခဲ့ပါတယ်။
ဒီကြားနာပွဲမှာ NUG ဂျပန်ကိုယ်စားလှယ်စောဘလှသိန်းကတော့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကဝနဲ့ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာဝါတနဘေးဟီဒဲအိုတို့ရဲ့ စစ်ကောင်စီကို ထောက်ခံအားပေးနေသလိုလုပ်ရပ်တွေကို ဂျပန်အစိုးရအနေနဲ တားဆီးပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။
မြန်မာစစ်ကောင်စီရဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှု ၂ နှစ်ပြည့်အထိမ်းအမှတ် လွှတ်တော်တွင်းကြားနာပွဲကို ဆွီဒင်သံအရာရှိအပါအဝင် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ဂျပန်တက္ကသိုလ်ပါမောက္ခကြီးတွေ၊ ဂျပန်လွှတ်တော်အမတ်တွေကလည်း ဂျပန်အစိုးတာဝန်ရှိသူတွေကို လက်ရှိမြန်မာနိုင်ငံအရေးပတ်သတ်လို့ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
အခုလို ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က NUG အစိုးရကိုယ်စားလှယ်ရုံးက ဦးစီးကျင်းပတဲ့ကြားနားပွဲကို အခုလိုတက်ရောက်လာတာဟာ နွေဦးတော်လှန်ရေးအတွက် ကောင်းမွန်တဲ့အလားအလာဖြစ်တယ်လို့ CDMသံအရာရှိ ဦးအောင်စိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အစဉ်တစိုက်စောင့်ကြည့်နေပြီး အာဆီယံနိုင်ငံတွေနဲ့သာမက မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထွန်းကားဖို့ အနောက်နိုင်ငံတွေနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ အစီအစဉ်တွေရှိတယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။