
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်မှာ မြို့သူမြို့သား ပြည်သူအများစု ပူးပေါင်းပါဝင်ခဲ့ကြပြီး အောင်ချမ်းသာစျေးမှာ ပိတ်ထားတဲ့ စျေးဆိုင်တွေကို တရားစွဲမယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေက သေနတ်ထောက် ခြိမ်းခြောက်ကာ ဆိုင်တွေ ပြန်ဖွင့်ခိုင်းတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အောင်ချမ်းသာစျေးက မိုးကုတ်မြို့မှာ အစည်ကားဆုံးစျေးတခုဖြစ်ပြီး ဒီနေ့ အသံတိတ်သပိတ်နေ့မှာ ဈေးသူဈေးသားတွေက ဆိုင်တွေပိတ်ထားပြီး ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။
“စျေးဆိုင်တွေက အကုန်ပိတ်တာ မနက်ကတည်းက။ ပိတ်ထားတဲ့ဆိုင်တွေကို ရဲတွေက သေနတ်ထောက်ပြီး ဆိုင်ဖွင့်ဆိုပြီး လာပြောတာ။”
မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာနေတဲ့ မိုးကုတ်မြို့ပြည်သူတွေလည်း ဒီနေ့ အပြင်မထွက်ဘဲ ပြည်လုံးကျွတ် အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ရဲစခန်းမှာလည်း ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက် နှစ်ရက် ဖမ်းဆီးထားတဲ့ ဆိုင်ကယ်တွေကို မနက် ၁၀ နာရီက စတင်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။