Home
မြန်မာသတင်း
ဟုမ္မလင်း၊ ရွှေပြည်အေးတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး
DVB
·
February 1, 2023

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းအုပ်စု၊ ရွှေပြည်အေးမြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျုစောထီးပူးပေါင်းတပ်စွဲထားတဲ့ စခန်းကင်း ၃ ခုကို  ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မနက်ပိုင်းက စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု( PDF) တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်တပ်ကလည်း MI- 35  တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ပစ်ကူပေးနေရတယ်လို့ HPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

HPDF တာဝန်ရှိသူတစ်ဦးက“ဒီကနေ့ မနက်ကတည်းက ရွှေပြည်အေးမြို့မှာရှိတဲ့ စစ်တပ်နဲ့ ပျုပေါင်းပြီး စခန်းချထားတဲ့နေရာ သုံးခုကို ကျနော်တို့ ဟုမ္မလင်း ပီဒီအက်နဲ့ မဟာမိတ်တပ်တွေက တပြိုင်တည်း ထိုးစစ်ဆင်ဝင်တိုက်တာ။ သူတို့ဘက်က အထိခိုက်များပြီး ဆုတ်ခွာသွားတယ်။ နေရာအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ကျနော်တို့ သိမ်းပြီးထားပါပြီ။ အခု ညနေပိုင်း စစ်တပ်ဘက်က MI- 35 ရဟတ် ယာဉ်နဲ့ လာပစ်နေတယ်။ တိုက်ပွဲက ရင်ဆိုင်ထားဆဲဖြစ်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ တိုက်ပွဲမှာ နှစ်ဖက်တပ်တွေ ထိခိုက် ဒဏ်ရာရမှု အခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ပျုစောထီးပူးပေါင်းအဖွဲ့တွေကို SNA ရှမ်းနီတပ်ရဲ့ တပ်မဟာတစ်ခုဖြစ်တဲ့ ၈၉၁ က  စစ်ကူပေးတယ်လို့လည်း ဒေသခံ မျက်မြင်သက်သေတွေကပြောပါတယ်။

ဒါ့ကြောင့် SNA ရှမ်းနီတပ်ကို ဟုမ္မလင်းမြို့နယ်အတွင်းက ပြည်သူလူထုတွေက ဆန့်ကျင်တဲ့အကြောင်း ပြီးခဲ့တဲ့ဇန်နဝါရီ ၃၀ ရက်က ဆန္ဒထုတ်ဖော်ကန့်ကွက်တာတွေရှိခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ SNA ရှမ်းနီးတပ်နဲ့ ပျုစောထီးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတို့ကြား ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

SNA ရှမ်းနီတပ်တာဝန်ရှိသူတွေကတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတယ်ဆိုတာကို မီဒီယာမှာ ငြင်းဆိုထားပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၆၈ ရက်ရှိခဲ့တယ်လို့ BNI-Myanmar Peace Monitor မှတ်တမ်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024