ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေးအကျဥဉ်းသားတွေကလည်း စစ်ကောင်စီ မတရားအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ Silent strike “တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်”ကို ထောင်ထဲကနေ ပူးပေါင်းပါဝင် ပြုလုပ်သွားမှာဖြစ်ကြောင်း ထောင်တွင်းက ပေးပို့တဲ့စာအရ သိရပါတယ်။
အဲဒီစာမှာ “မပြီးပြတ်သေးတဲ့ တော်လှန်ရေးကြီးမှာ အချိန်မတိုင်ခင် လူမဆန်စွာ မသေရုံတမယ် ရိုက်နှက်ဖမ်းဆီး နှိပ်စက်ခံ ထောင်ထဲရောက်ခဲ့ရပေမဲ့ တနေ့မှ သွေးအေးမသွားဘူး။ အာဏာရူးကို တော်လှန်ဖို့ (လုံးဝ)ကြောက်မသွားခဲ့ဘူး။ အသက်ရှင်သမျှ တိုက်ပွဲဝင်သွားမယ်။”လို့ ရေးသားထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ ပြည်လုံးကျွတ်ဆင်နွှဲခဲ့ကြတဲ့ Silent strike သပိတ်ကိုကို NUG အစိုးရနဲ့ ပြည်သူတွေနဲ့အတူ ထောင်ထဲရောက် ရဲဘော်တွေအားလုံးကလည်း ပါဝင်ပြုလုပ်သွားမည်ဟု အသိပေးလိုက်ပါတယ်။
“ထောင်တွင်းရောက် ရဲဘော်တွေက တက်နိုင်တဲ့ဘက်က အာဏာရှင်ကို အဆုံးထိ တိုက်ပွဲဝင်သွားပါမယ်။ မြန်မာပြည်သူတွေအားလုံးလည်း အာဏာရှင်ကျဆုံးဖို့ သွေးမအေးကြနဲ့။ အင်တိုက်အားတိုက် အဆုံးထိ ပါဝင်ပေးကြဖို့ မေတ္တရပ်ခံအပ်ပါတယ်”လို့ စာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့အကြီးအကဲတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီခေါင်းဆောင်တွေ၊ ထင်ရှားတဲ့နိုင်ငံရေးသမားကို စစ်တပ်ကဖမ်းဆီးပြီး အာဏာလုယူခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး အဲဒီလို တရားမဝင် အာဏာလုယူခဲ့တဲ့ ဖြစ်စဉ်နဲ့ စစ်အာဏာရှင်တွေကို ပြည်သူတွေက လုံးဝလက်မခံဘူးဆိုတာပြသတဲ့အနေနဲ့ ဒီနေ့မှာ မြန်မာတနိုင်ငံလုံးကအတိုင်းအတာနဲ့ ပြည်သူတွေက ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီး တိတ်ဆိတ် ငြိမ်သက်ခြင်း သပိတ်ကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပါတယ်။