DVB Logo
Home
မြန်မာသတင်း
၂ နှစ်အတွင်း စစ်အုပ်စုက ပြည်သူ ၃၀၀၀ ခန့်ကို သတ်ဖြတ်၊ စစ်ကိုင်းတိုင်းက ၁၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်
DVB
·
February 1, 2023
၂ နှစ်အတွင်း စစ်အုပ်စုက ပြည်သူ ၃၀၀၀ ခန့်ကို သတ်ဖြတ်၊ စစ်ကိုင်းတိုင်းက ၁၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်
Donate to DVB

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၃၀၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ မြေပြင်တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက ၁,၀၀၀ ကျော်နဲ့ အများဆုံးပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကတည်းကနေ အခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်အထိ အေအေပီပီကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြ လိုက်တာဖြစ်ပြီး စစ်ကိုင်းတိုင်းနောက်မှာတော့ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတွေက ကျဆုံးပြည်သူဦးရေ ၂၅၀ ကျော်နဲ့ ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျဆုံးပြည်သူစုစုပေါင်းထဲမှာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတဲ့ ရာခိုင်နှုန်းကတော့ ၃၄ ဒသမ ၄ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး အမျိုးသမီးဦးရေ ၁၂ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ကလေးသူငယ်ဦးရေ ၉ ဒသမ ၇ ရာခိုင်နှုန်းထိ ပါဝင်နေတာပါ။

ဒါ့အပြင် တော်လှန်ရေး ၂ နှစ်တာကာလအတွင်း ဖမ်းဆီးခံရတဲ့ စာရင်းမှာတော့ စုစုပေါင်းပြည်သူ ၁၇,၅၇၂ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၃,၇၆၃ ယောက်ကတော့ လက်ရှိအချိန်ထိတိုင်အောင် ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၂၁ ရာခိုင်နှုန်းထိ ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၂ ဒသမ ၈ ရာခိုင်နှုန်းထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေအပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် ပြည်သူ ၁၇ သန်းကျော် အကူအညီတွေလိုအပ်နေကာ ပြည်သူ ၁ သန်းခွဲကတော့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေကို အရင်းတည်ပြီးတော့ တော်လှန်ရေးအုတ်မြစ်ဟာ အခြေခိုင်ခဲ့ကာ လက်ရှိအချိန်မှာ ဘယ်သူကမှ ဖြိုလှဲ ဖျက်ဆီးပစ်လို့ မရနိုင်တဲ့ ခိုင်မာအားကောင်းမှုတစ်ခုနဲ့ ရှေ့ဆက်နေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပါအဝင် တခြားသော ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်းဟာ ပြည်သူ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတဲ့ အာဏာဖီဆန်မှု မြောက်တဲ့ ဥပဒေချိုးဖောက်မှုတွေသာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရတစ်ရပ်ဖြစ်တဲ့ NUG အစိုးရအနေနဲ့ အဆိုပါ ဥပဒေချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအားလုံးကို တရားဥပဒေရှေ့မှောက်ကို ပို့ဆောင်ပြီး ထိခိုက်နစ်နာခဲ့ရသူ အားလုံးအတွက် တရားမျှတမှုကို ရယူပေးနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013