DVB Logo
Home
မြန်မာသတင်း
ခင်ဦး၊ ဒီပဲယင်းနှင့် ကျွန်းလှမြို့နယ်တို့တွင် စစ်တပ်မီးရှို့သဖြင့် နေအိမ်ထောင်ချီပျက်စီး၊ ဒေသခံ သောင်းချီ တိမ်းရှောင်နေရ
DVB
·
February 1, 2023
ခင်ဦး၊ ဒီပဲယင်းနှင့် ကျွန်းလှမြို့နယ်တို့တွင် စစ်တပ်မီးရှို့သဖြင့် နေအိမ်ထောင်ချီပျက်စီး၊ ဒေသခံ သောင်းချီ တိမ်းရှောင်နေရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နဲ့ ကျွန်းလှမြို့နယ်ထဲက ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့သလို လူသောင်းနဲ့ချီ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၃၀ နဲ့ ၃၁ ရက် ၂ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၅၀၀ ကျော် မီးလောင်ဆုံးရှုံးသွားပြီး ဒေသခံ ၃ ဦးလည်း သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခင်ဦးမြို့နယ်ထဲမှာရှိတဲ့ ဗျိုင်းကြိုင်ရွာ၊ ရုံးစုတောင်ကျေးရွာနဲ့ ညောင်ပင်ကြီးစုကျေးရွာ ၃ ခုကို မီးဝင်ရှို့ခဲ့တာဖြစ်ပြီး အဲဒီထဲက ကျေးရွာ ၂ ရွာက အိမ်ခြေ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ ညောင်ပင်ကြီးစုကျေးရွာရဲ့ မီးလောင်မှုစာရင်းကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာထဲကနေ ထွက်ခွာသွားတဲ့အချိန် ဒေသခံတွေက မီးဝင်ငြှိမ်းဖို့ သွားရောက်ခဲ့ပေမဲ့ စစ်ကောင်စီတပ်က အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မီးမငြှိမ်းနိုင်ဘဲ ပြန်လည် ထွက်ပြေးလာရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့မှ ရဲဘော်တဦးက ပြောပါတယ်။

အဲဒီလို ကျေးရွာထဲကို ဝင်ရောက်တဲ့အချိန် မီးလောင်ပျက်စီးနေတဲ့ ဒေသခံ ၃ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ရပြီး ဒေသခံတချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီလို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ ခင်ဦးမြို့နယ်ထဲက သက်ပေးကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်နေတယ်လို့လည်း ဒေသခံတွေကတဆင့် သိရပါတယ်။

အခုဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်တွေက ရွာစဉ်လှည့် မီးရှို့ဖျက်ဆီးနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေက နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ် စားနပ်ရိက္ခာနဲ့ အဝတ်အထည်၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း စစ်ဘေးရှောင် ကူညီသူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်အတွင်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တခုတည်းမှာတင် အိမ်ခြေ ၃,၀၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူ ၂၄,၀၀၀ အထိ ရှိလာပြီလို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့က စာရင်းတွေအရ သိရပါတယ်။

အလားတူ ဒီပဲယင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၄ ရက်ကနေ ၃၀ ရက်အထိ တပတ်အတွင်း ကျေးရွာ ၁၀ ရွာက အိမ်ခြေ ၁,၀၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကြောင်းဟာ ဇန်နဝါရီ ၂၃ ရက်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့က ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး ၂၄ ရက်နေ့မှာတော့ ဒီပဲယင်းမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေကို ရွာစဉ်လှည့်ပြီး အခုလို မီးရှို့ဖျက်ဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့ပေါ်မှာရှိတဲ့ ကွက်သစ်ရပ်ကွက်က နေအိမ် ၂၂ လုံးကိုလည်း မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စစ်ဘေးရှောင်ပြည်သူတွေကို စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေရကာ ရိက္ခာဝယ်ယူရတဲ့ ကျေးရွာတွေကလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် ရိက္ခာတွေကလည်း ပြတ်လုနီးပါး ဖြစ်နေတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

မီးဘေးသင့်ပြည်သူ ၂၀,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတာကြောင့် သက်ဆိုင်ရာအဖွဲ့တွေနဲ့ တခြားဒေသက ပြည်သူတွေလည်း ဝိုင်းဝန်းကူညီ လှူဒါန်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက တောင်ယာဆိပ်ရွာကျေးရွာအုပ်စုထဲမှာရှိတဲ့ ကျေးရွာ ၄ ရွာက အိမ်ခြေ ၁၂၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ယာဆိပ်ကျေးရွာအုပ်စုထဲက သရက်တောရွာ၊ အောင်ရန်ကင်းရွာ၊ မြင်သာဦးရွာနဲ့ တောင်ယာဆိပ်ကျေးရွာထဲက နေအိမ်တွေ အခုလို မီးရှို့ဖျက်ဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ကျေးရွာလေးခုကို စစ်ကောင်စီ ခြေမြန်တပ်ရင်း ၃၆၈ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၂၀ လောက်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကာ အခုလို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၁၂၀ ကျော် အပါအဝင် စပါးကျီ ၃၃ လုံးနဲ့ ကားတစီး မီးလောင်ပျက်စီးခဲ့တယ်လို့ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာအုပ်စုမှာ အိမ်ခြေ ၂၂၀ ကျော်ရှိပြီး အဲဒီထဲက တဝက်နီးပါးလောက် မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ကာ လက်ရှိမှာတော့ အဲဒီကျေးရွာလေးခု အပြင် အနီးနားမှာရှိတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013