Home
မြန်မာသတင်း
ပေါက်၊ ရေနံချောင်းနှင့် ပခုက္ကူမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
February 1, 2023

မကွေးတိုင်း ပေါက်မြို့နယ် မြောက်ပိုင်းမှာ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲတွေတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်ဒဏ်ရာရရှိကာ မိုင်းမတော်တဆဖြစ်ပြီး PDF ရဲဘော် တယောက်ကျဆုံး၊ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေသိရပါတယ်။

ပေါက်မြို့နယ် ထန်းပေါက်ကုန်းရွာမှာတပ်စွဲထားတဲ့ အင်အား ၈၀ လောက်ပါ စစ်ကောင်စီစစ်ကြောင်းကို မနေ့မနက် ၆ နာရီကျော်လောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီးတွေ ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖတပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ မနက် ၁၀ နာရီကျော်လောက်မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၄၀ လောက် မီးလောင်ကျွမ်းကာ ရေနံတွင်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို ဒေသကာကွယ်ရေး ရဲဘော်တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တယောက်ကျဆုံးပြီး ၂ ယောက်ဒဏ်ရာရရှိကာ တယောက်ကတော့ ဒဏ်ရာအခြေနေ စိုးရိမ်ရတယ်လို့ ဗိုလ်လက်ယာကပြောပါတယ်။

ပေါက်မြို့နယ်မှာ ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ကလည်း ထန်းပေါက်ကုန်းရွာကို မီးလာရှို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပ.က.ဖ ASTF ကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ပွဲတွေအရှိန်ဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတိပေး ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် လက်မှတ်ကုန်းနယ်မြေရဲစခန်းကိုလည်း ဇန်နဝါရီ ၃၁ ရက် ညက မိုင်းတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ရှိနိုင်တယ်လို့ ရေနံချောင်းဖေကံကောင်းတပ်ဖွဲ့က ပြောပါတယ်။

ရေနံချောင်းမြို့၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းကို စစ်အာဏာသိမ်း ၂ နှစ်ပြည့်အထိမ်းမှတ် လက်တုံ့ပြန်တဲ့အနေနဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ ည ၇ နာရီလောက်မှာ ရေနံချောင်း ပ.က.ဖ၊ Hunter Dragon Group တို့နဲ့ အတူပူးပေါင်းပြီး ရဲစခန်းရှေ့အပေါက်ဝတည့်တည့်မှာ မိုင်းအကြီး ၂ လုံးအပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေနံချောင်းဖေကံကောင်းတပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုဖက်တီးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ရဲတွေ ထိခိုက်ဒဏ်ရာရသူ ရှိနိုင်ပြီး အတိအကျ သိရှိနိုင်ဖို့ တပ်တွင်း သတင်းပေးတွေနဲ့ ချိတ်ဆက်ကာ စုံစမ်းနေတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဘေးကင်းတဲ့နေရာကို ဆုတ်ခွာနိုင်ခဲ့ကြတယ်။” 

ပြည်သူတွေအနေနဲ့လည်း စစ်အာဏာသိမ်းခံရခြင်းနဲ့ နွေဦးတော်လှန်ရေး  ၂ နှစ်ပြည့် အသံတိတ်သပိတ် Silent Strike မှာ လူထုအားနဲ့ ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုချင်တယ်လို့ ကိုဖက်တီးက ပြောပါတယ်။

ရေနံချောင်းမြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်းကလည်း လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲအရာရှိတယောက်ရဲ့ ကားမိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကားထိခိုက်ပျက်စီးကာ ဒဏ်ရာရသူ ရှိနိုင်တယ်လို့ ရေနံချောင်းဖေကံကောင်းတပ်ဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကန်ကျေးရွာမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ​ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Earthquake Peoples Defense Force အဖွဲ့ သတင်းပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။ 

"ပခုက္ကူက တပ်မ ၁၀၁ နဲ့အနောက်ဘုန်းကန်ရွာကနီးနီးလေးပဲ။ အဲ့က စစ်သားနဲ့ပျူတွေက ကန်တော်ရွာကို စစ်ကြောင်းထိုးမီးရှို့တယ်၊ ရွာထဲမှာသူတို့အင်အား ၂၀ လောက်ပဲရှိတော့ကို သွားတိုက်ခဲ့တာပါ။" 

အနောက်ဘုန်းကန်ရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်လှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီးနောက် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ရတယ်လို့ပြောပါတယ်။

"တိုက်ပွဲ ဖြစ်နေတာကို သူတို့ဘက်က သတင်းလာထောက်တဲ့သူ ၂ ယောက်ကိုတွေ့တာ၊ စစ်မေးကြည့်တော့မှ ပျူသင်တန်းဆင်းတွေဖြစ်နေတာ၊ အခုတော့ထိန်းသိမ်းထားပါတယ်"လို့ ကိုပိန်က ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျမသိရသေးပါဘူး။

စစ်ကောင်စီတပ်စွဲထားတဲ့ အနောက်ဘုန်းကန်ကျေးရွာကို Earthquake People’s Defence Force နဲ့ ပခုက္ကူ၊ ရေစကြို၊ မြိုင် မြို့နယ်တို့က မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပခုက္ကူမြို့နယ်နဲ့ ကမ္မကြားက ကန်တော်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၀ ရက်နေ့ညနေပိုင်းမှာ စစ်​ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် နေအိမ် ၇၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသိရပါတယ်။ 

ပခုက္ကူမြို့နယ် ကမ္မကြားနဲ့မြစ်ခြေကြားက ဆားကျင်ရွာကိုလည်း ဇန်နဝါရီ ၃၁ ရက်နေ့မှာ စစ်တပ်မီးရှို့တာကြောင့်နေအိပ် ၃၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာကြောင့် ဒေသခံ နှစ်ထောင်ဝန်းကျင် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေမှာ ထိခိုက်သေဆုံးတဲ့အခြေနေကို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို ဒီဗွီဘီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024