
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း ၅ စင်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီ ၃၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒါဟာ မတ္တရာမြို့နယ်၊ ရှင်လှတောင်ရွာမှာတပ်စွဲပြီး ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီး ၂ ယောက် ကျည်ထိမှန်အောင် ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီစစ်ဆင်ရေးမှာတော့ Unicorn - ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကောင်းကင်ရဲ့ တော်လှန်ရေး အင်အားစု၊ ADRF (madaya)၊ SKY HERO (madaya)၊ ဒေါင်းစစ်သည် (မတ္တရာ)၊ Peacock Warrior Force နဲ့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပြီး မွန်းတည့် ၁၂ နာရီလောက်ကစပြီး ညအထိ စုစုပေါင်း ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကနဦး သတင်းတွေအရ ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။