
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က မြန်မာ ၃ ဦး ပင်လယ်ကမ်းနားရှုမျှော်ခင်းတွေ သွားရောက်လည်ပတ်ကြည့်ရှုစဉ် ၁ ဦး လှိုင်းပုတ်ခံရပြီး ပင်လယ်ထဲပျောက်ဆုံးနေတယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အခင်းဖြစ်တဲ့နေ့က မြန်မာလူငယ် ၃ ဦး ဆိုင်ကယ် ၁ စီးနဲ့အတူ ဘော်ဖုဒ်ရပ်ကွက်ရှိ ဗျူးပွိုင့် (ရှုခင်းသာမျှော်စင်) နားကိုရောက်ရှိလာကြောင်း၊ လတ်တလောလှိုင်းလုံးကြီးတွေ မကြာ မကြာတက်လာလေ့ရှိတာကြောင့် မျှော်စင်အောက်ဘက် ဆင်းမသွားဖို့ သတိပေးခဲ့ပြီး များမကြာခင် လူတယောက်ရေထဲကျသွားကြောင်း ကူညီအော်ခေါ်သံတွေကြားရတာလို့ ဗျူးပွိုင့်လုံခြုံရေးအစောင့်က သတင်းထောက်တွေကို ပြောပါတယ်။
သူသွားကြည့်တဲ့အခါ ရေထဲကျသွားသူမှာ စောစောကသတိပေးခဲ့တဲ့ မြန်မာလူငယ်ထဲကဖြစ်ပြီး သူ့ အဖော်တယောက်ကတော့ ရေထဲဆင်းကာ သွားရောက်ကူညီကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြောင်း၊ လှိုင်းတွေရိုက်ခတ်နေတဲ့အတွက် ကူလို့မရဘဲ သူ့ကိုယ်သူတောင် ကုန်းပေါ်ရောက်အောင် ခက်ခက် ခဲခဲ ပြန်ကူးလာခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါဖြစ်ရပ်ကို အနီးနားအပမ်းဖြေနေတဲ့ နိုင်ငံခြားခရီးသွားဧည့်သည် ၁ ဦးက ဖုန်းနဲ့ဗွီဒီယိုရိုက် ကူးထားရာမှာ ရေထဲကျသွားသူမှာ ကျောက်ဆောင်ပေါ်သွားထိုင်နေစဉ် ကြီးမားတဲ့ လှိုင်းကြီးတက်လာပြီး သူ့ကိုရေထဲပုတ်ထုတ်လိုက်တာ တွေ့ရတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအစောင့်က တာဝန်ရှိသူ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆီ လှမ်းအကြောင်းကြားနေစဉ် မြန်မာလူငယ် ၂ ဦးက ဆိုင်ကယ်နဲ့ပြန်ထွက်သွားကြောင်း၊ အဲဒီနောက် ပြန်လာတာ မတွေ့ရ ကြောင်း၊ ဒါကြောင့် ပင်လယ်ထဲကျသွားသူဟာ ဘယ်သူဘယ်ဝါဆိုတာကို မသိရဘူးလို့ ဆိုပါ တယ်။
အခင်းဖြစ်တဲ့နေရာကို နယ်မြေခံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးရုံးနဲ့ တာဝန်ရှိသူတွေရောက်လာပြီး ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ရေထဲပျောက်ဆုံးနေသူကိုရှာဖွေခဲ့ကြောင်း၊ ၂ ရက်တိုင်ရှာဖွေ ခဲ့ပေမယ့် အစအနလုံးဝမတွေ့ရဘူးလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အဆိုပါနေရာအနီးတဝိုက်ကို ကြိုးတွေနဲ့ တားဆီးလိုက်ပြီး ဝင်ထွက်ခွင့်ပိတ်လိုက်ကြောင်း၊ ထွက်ပြေးသွားတဲ့ မြန်မာ ၂ ဦးကိုလည်း လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကိုးကား - ch7.com