
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်ထဲက ကျေးရွာ ၆ ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၃၀ ရက်မှာ မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံပြည်သူ သောင်းနဲ့ချီပြီး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်ထဲက အင်ကြင်းပင်ရွာ၊ စိုင်ဒိုး၊ သရက်ပင်ဝန်း၊ မအူပင်ရွာနဲ့ ခင်ဦးမြို့နယ်ထဲက ဗျိုင်းကြိုင်ရွာ၊ ရုံးစုတောင်ရွာ တို့ကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၃၁ ရက်နေ့အထိ မီးရှို့ဖျက်ဆီးနေလို့ အနီးနားကျေးရွာတွေပါ အပါအဝင် စုစုပေါင်း ကျေးရွာ ၁၂ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ရွာစဉ်လှည့် မီးရှို့ဖျက်ဆီးနေတာ ဖြစ်ကာ လက်ရှိမှာတော့ ရွာလုံးကျွတ်နီးပါး မီးရှို့ခံနေရပြီး ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးနေရလို့ အိမ်ခြေဘယ်လောက် မီးလောင်ဆုံးရှုံးနေလဲ ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
အခု မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ ခင်ဦးမြို့နယ်ထဲက ညောင်ပင်ကြီးစု ကျေးရွာထဲကို ထပ်မံရောက်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပြီး ခင်ဦးမြို့နယ်တခုတည်းမှာတင် စစ်ဘေးရှောင်ပြည်သူ ၂၄,၀၀၀ ဝန်းကျင် ရှိတယ်လို့ ခင်ဦးမြို့နယ်ထဲက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ခင်ဦးမြို့နယ်ထဲမှာ မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၆၀ ဝန်းကျင်ရှိပြီး အိမ်ခြေ ၃,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။