DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက အရပ်သားပြည်သူနေထိုင်ရာ နေရာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ
DVB
·
January 31, 2023
စစ်ကောင်စီက အရပ်သားပြည်သူနေထိုင်ရာ နေရာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ
Donate to DVB

အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့နေရာကို တိုက်ခိုက်တာထက် အရပ်သားပြည်သူတွေနေထိုင်ရာကို ပိုတိုက်ခိုက်ခဲ့တယ်လို့ စောင့်ကြည့်လေ့လာတဲ့ စစ်တမ်းတခုအရ သိရပါတယ်။

စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းတွေ အင်အားချိနဲ့လာတာကို လေကြောင်းကနေ တိုက်ခိုက်တာ ပိုလုပ်လာတာက သက်သေပြနေတယ်လို့ BNI-Myanmar Peace Monitor ရဲ့ ထုတ်ပြန်ချက်တခုက ဆိုပါတယ်။

BNI ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းမှုစခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အတွင်း စစ်ကောင်စီဟာ လေကြောင်းကနေ ၂၅၈ ရက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ရှိချက်အရ လေကြောင်းကတိုက်ခိုက်တဲ့ တရက်မှာ အကြိမ်ရေ အနည်းဆုံး ၃ ကြိမ်ကနေ ၅ ကြိမ်အထိတိုက်ခိုက်ပြီး မှတ်တမ်းပြုစုရာမှာ မြို့နယ်အလိုက် ရက်နဲ့မှတ်တမ်းတင်ထားတာဖြစ်လို့ အကြိမ်ရေဟာ ဒါထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လေ့လာကြည့်ရင် အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ရွာတွေ၊ စာသင်‌ကျောင်းနဲ့ စစ်ဘေးရှောင် စခန်းတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာကို အများဆုံးတွေ့ရပြီး တိုက်ခိုက်တဲ့ ရက်တွေထဲက ၉၈ ရက်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားရာ၊ တိုက်ပွဲဖြစ်ရာနေရာတွေကို တိုက်ခိုက်တာက ဒုတိယအများဆုံးဖြစ်ပြီး ၅၃ ရက် တိုက်ခိုက်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ရာမှာတော့ ကေအဲန်ယူကို ၅၂ ရက် တိုက်ခိုက်ခဲ့ပြီး ကေအိုင်အိုကို ၃၂ ရက်၊ အေအေကို ၁၃ ရက်နဲ့ အများဆုံး တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။

အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ မတ်လက စတင်လို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အဲဒီနှစ်ထဲမှာ ၄၆ ရက် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် တနိုင်ငံလုံးအနှံ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တာ အားကောင်းလာခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကို ပိုအားကိုး တိုက်ခိုက်လာပြီး ၁၈၇ ရက် တိုက်ခိုက်ပါတယ်။

အဲဒီနှစ်တုန်းက တနှစ်လုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလမှာ ၃၅ ကြိမ်နဲ့ အများဆုံးတိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမဲ့ အခုဇန်နဝါရီ ၂၅ ရက်အထိမှာပဲ ၂၅ ရက် တိုက်ခိုက်ထားတာကြောင့် ဒုတိယအများဆုံး ဖြစ်နေသလို ရှေ့လျှောက်မှာလည်း လေကြောင်းကို ပိုပြီး အားကိုးအသုံးပြုလာနိုင်တယ်လို့ တွေ့ရပါတယ်။

ဒေသတွေအနေနဲ့ ကြည့်မယ်ဆိုရင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ လေကြောင်း အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်မှာ ၇၃ ရက် တိုက်ခိုက်ထားတာကြောင့် အများဆုံး ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကိုင်းတိုင်းမှာ ရက် ၇၀၊ ကချင်ပြည်နယ်မှာ ၃၄ ရက်၊ ရခိုင်မှာ ၁၆ ရက်၊ ချင်းမှာ ၁၄ ရက်၊ ကယားမှာ ၁၃ ရက် စသဖြင့် တိုက်ခိုက်ထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013