
စစ်တပ်ကနိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူထားတာ ၂ နှစ်ပြည့်တဲ့ ဇန်နဝါရီ ၃၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ၂၀၂၀ ရွေးကောက်ပွဲနဲ့ မဲစာရင်းကိစ္စ ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြစ်တင်ဝေဖန်စွပ်စွဲချက်တွေပြုလုပ်ခဲ့ပြီး သူတာဝန်ယူခဲ့တဲ့ ၂ နှစ်တာအတွင်း ဆောင်ရွက်နေတာတွေကို အသေးစိတ်အစီရင်ခံခဲ့ပါတယ်။ ဒီနောက် တင်ပြချက်တွေ အပေါ် အစည်းအဝေးတက်ရောက်လာသူတွေက ဆွေးနွေး သုံးသပ်ခဲ့ကြကာ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီမနက်ကျင်းပတဲ့ ကာလုံအစည်းအဝေးကို ကာလုံအဖွဲ့ဝင်တွေဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တက်ရောက်ခဲ့ပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ကျန်းမာရေးအခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကာလုံအဖွဲ့ဝင်တွေမဟုတ်ပေမဲ့ အထူးဖိတ် ကြားတဲ့ စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တက်ရောက်ကြပါတယ်။
ယာယီသမ္မတအပါအဝင် တက်ရောက်လာသူအားလုံးက CRPH ၊ NUG နဲ့ PDF တွေရဲ့ သတ်ဖြတ်၊ အများပြည်သူဆိုင်ရာနေရာတွေကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု၊ လက်နက်ကိုင်ခြိမ်းခြောက်မှုတို့ လုပ်ဆောင်နေပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းနဲ့ ရယူဖို့ ကြိုးပမ်းလုပ် ဆောင်နေတဲ့ သာမန်မဟုတ်တဲ့အခြေအနေမှာ ရှိနေဆဲဖြစ်ဆဲ ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ အရ ကာလုံဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သူ့အားပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးလို့ သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးဖို့ အကျိုးအကြောင်းဖော်ပြပြီး တင်ပြလာပါက သာမန်အားဖြင့် တကြိမ်လျှင် ၆ လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်တယ်လို့ပဲ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
ဒီပြဋ္ဌာန်းချက်အရ စစ်ကောင်စီဟာ ၆ လသက်တမ်းနှစ်ကြိမ်တိုင်တိုးထားပြီးဖြစ်လို့ ထပ်တိုးခွင့် မရှိတော့ဘူးလို့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။
ဒါပေမဲ့ သာမန်မဟုတ်တဲ့ အခြေအနေဖြစ်ပါက သက်တမ်းဆက်တိုးနိုင်တယ်လို့ ဖွဲ့စည်းပုံမှာ ဖော်ပြမထားသလို ဘာဆက်လုပ်ရမယ်ဆိုတာလည်း တိတိကျကျ ပြဋ္ဌာန်းထားတာလည်း မရှိပါဘူး။
လိုအပ်တဲ့ ထုတ်ပြန်ကြေညာချက်ကို မနက်ဖန် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးသွားမယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
Photo-DSINFO