
မကွေးမြို့မှာ စစ်ကောင်စီက ဇန်နဝါရီလ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကို စီမံချက်ချ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက် မနက် ၉ နာရီကနေ ည ၇ နာရီလောက်အထိ လမ်းဆုံ လမ်းခွတွေမှာ ဆိုင်ကယ် ဖမ်းဆီးရေးစီမံချက်ဆိုပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိတဲ့ဆိုင်ကယ်တွေကို မကွေးမြို့တော်ခန်းမထဲကို ပို့ဆောင်ကာ ဖေဖော်ဝါရီ ၁ ရက် လာရွေးခိုင်ထားတယ်လို့ မကွေးမြို့ ဒေသခံတယောက်က ပြောပါတယ်။
မကွေးမြို့က လမ်းဆုံလမ်းခွ၊ နေရာစုံမှာ စစ်ကောင်စီတပ်သားတွေ၊ ယာဥ်ထိန်းရဲတွေ၊ နယ်မြေရဲတွေက တနေကုန် စစ်ဆေးဖမ်းဆီးတာ ဆိုင်ကယ် အစီးရေ ၄၀၀ လောက် ရရှိသွားပြီး မြို့တော်ခန်းမထဲကို ထည့်ထားတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၃၀ နဲ့ ၃၁ ရက်တွေမှာ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း လာရွေးရမယ်လို့ ဒေသခံကပြောပါတယ်။
"အရင်တုန်းကဆိုရင် သူတို့ဖမ်းရင် မော်တော်ပီကယ် ရုံးထဲထည့်ပြီးတော့မှ ချလန်တွေ ဘာတွေ ဖြတ်ပြီး တရားရုံးမှာ ဒဏ်ငွေသွားဆောင်ရတာ။ အခုက မြို့တော်ခန်းမထဲကို မောင်းထည့်ပြီး မနက် ၉ နာရီ ပညာပေးဟောပြောပွဲကို နားထောင်ပြီးမှ ဆိုင်ကယ်တွေကို ပြန်ပေးမယ်တဲ့"
စီမံချက်အရ ဒီတခေါက်ဖမ်းတာကတော့ ဦးထုပ်မပါ၊ ဘက်မှန်မပါ ၊ခြေနင်းတုံးမပါ၊ ယာဉ်မောင်းလိုင်စင်မပါ၊ ယာဉ်လိုင်စင်မပါတာတွေကို စစ်ဆေးဖမ်းဆီထားတာဖြစ်ပြီး ဆိုင်ကယ်ပိုင်ရှင်တွေကတော့ အဆုံးမခံနိုင်လို့ အဲဒီနေ့ကျရင် မြို့တော်ခန်းမကို သွားကြရမှာပေါ့ လို့ ပြောပါတယ်။